SCEF ဦးဆောင်မှုတွင် ရှမ်း-မန်းဒေသ ကာကွယ်ရေးအဖွဲ့များ၏ စုစည်းမှုအခြေအနေ ဘယ်လိုရှိလဲ

ရှမ်း-မန်းနယ်စပ်၊ မိုးကုတ်-မိုးမိတ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်အာဏာရှင်တပ်က မန္တလေးတိုင်း၊ သပိတ်ကျင်းနယ် အမှတ် ၁၃ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁၃) မှာ တပ်သားအင်အားစုဖွဲ့ပြီး နယ်မြေထိုးဖောက်နိုင်ဖို့ အားထုတ်နေပါတယ်။
မန္တလေးမြို့ကအင်အားတွေကို မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေကိုဖြတ်ပြီး မိုးကုတ်-မိုးမိတ် ဘက်ကို စေလွှတ်ဖို့ကြိုးစားရာမှာ သပိတ်ကျင်းနယ်၊ တွင်းငယ်-မိုးမိတ်လမ်းခွဲအနီးက တတက-၁၃ ကို စစ်အာဏာရှင်တပ်က ကြားခံစခန်းအဖြစ်အသုံးပြုနေတာ ဖြစ်ပါတယ်။
နိုဝင်ဘာ ဒုတိယအပတ်မှာ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုးမိတ်မြို့ကထွက်လာတဲ့ စစ်အာဏာရှင်တပ်တွေကို အသာစီးယူတိုက်ခိုက်ခဲ့ပြီးနောက် စစ်အာဏာရှင်က မန္တလေးဘက်က အင်အားတွေ တတက-၁၃ ဆီကို ဆက်တိုက်ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကအင်အားတွေ သပိတ်ကျင်း တတက-၁၃ ဘက်ကနေ မိုးကုတ်-မိုးမိတ်ဘက် ဝင်မလာနိုင် အောင် ဒေသကာကွယ်ရေးအဖွဲ့တွေက တွင်းငယ်-မိုးမိတ်လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် နိုဝင်ဘာ ဒုတိယအပတ်ကနေ လက်ရှိအချိန်အထိ ထိတွေ့မှုတွေ ဆက်တိုက်ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “မိုးကုတ်မိုးမိတ်ဘက်ကိုတော့ စကစတွေက မန္တလေးကနေ စစ်ကူတွေပို့တာတွေတော့ရှိတယ်ဗျ။ ကားတန်းတွေတော့တက်တယ်ဗျ။ မတ္တရာ-စဉ့်ကူးနယ်ကို ဖြတ်ပြီးတော့ သွားတာတွေရှိပါတယ်။ မနေ့ကကို အင်အားပါ ၆ စီးဗျ။ အရင်နေ့ကလည်း ဖြတ်တယ်ဗျ။ ၂ ရက်ဆက်တိုက်လိုလို မတ္တရာနယ်ဖြတ်ပြီးတော့ မိုးကုတ်-မိုးမိတ် ဘက်ကို၊ သပိတ်ကျင်းနယ် တတက ၁၃ ထဲကို သွားကြတယ်။ အဲဒီကနေမှ တခြားနယ်ဘက်တွေကို ဖြန့်မဲ့သဘောမျိုးရှိတယ်ဗျ”လို့ ပြောပါတယ်။
မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့ဝင်တယောက်ကလည်း “ဒီကောင်တွေလေ့ကျင့်ရေး ၁၃ မှာ စုဖွဲ့မှု လုပ်ပြီးတော့ မြစ်ကြီးနား၊ ကချင်ပြည်နယ်ဘက်ကိုတက်မလား။ စစ်ကိုင်းတိုင်း မွှေမလား။ ရှမ်းပြည်နယ် မိုးမိတ်ဘက်တက်မလားမပြောတတ်ဘူး။ သပိတ်ကျင်းရဲ့မြောက်ဘက်ကျမှာပေါ့ တွင်းငယ်-မိုးမိတ်လမ်းခွဲနားလေးပေါ့။ တွင်းငယ်ရောက်ရင် မိုးမိတ်လမ်းခွဲရှိတယ်လေ။ အဲဒီနားလေးမှာပေါ့ လေ့ကျင့်ရေး ၁၃ ဆိုတာက။ အခုဟာက ၁၀ ဘီးကားတွေရော တွဲကားတွေရော ပါသေးတာ။ အင်းတော်လောက်ဆို ဒီ ၁၀ ဘီးကား ၁၂ ဘီးကား တွဲကားတွေပါစရာမလိုဘူးလေ။ ၁၂ ဘီးတို့ တွဲကားတွေပါမှတော့ ကချင်ပြည်နယ်ဖြစ်ဖို့များပါတယ်” လို့ ပြောပါတယ်။
တွင်းငယ်-မိုးမိတ်လမ်းပိုင်းပေါ်က စစ်အာဏာရှင်တပ်ခြေကုပ်ယူထားတဲ့ ကင်းချောင်း၊ ပေကုန်းနဲ့ သစ်စိမ့်ကုန်းရွာ ကင်းစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်( KIA) က ထုတ်ပြန်ထားတာပါ။
၂၀၂၆ ခုနှစ် မတ် ၃၀ ရက်မှာဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ ဦးဆောင်မှုအောက်မှာ ရှမ်း-မန်းဒေသ ကာကွယ်ရေးအဖွဲ့တွေဟာ အပြုသဘောဆောင်တဲ့ စုစည်းမှုတွေပိုလုပ်နိုင်ခဲ့တာကြောင့် တိုက်ပွဲတွေမှာ အသာစီးပြန်ယူ နိုင်ခဲ့တာလို့ မိုးကုတ်သပိတ်ခေါင်းဆောင်က မှတ်ချက်ပေးပါတယ်။
SCEF မှာ KIO၊ KNU၊ CNF၊ KNPP၊ NUG နဲ့ CRPH တို့ ဦးဆောင်ပါဝင်ပြီး စစ်ရေးမှာ တခုတည်းသောအမိန့်ပေးစနစ်ကို ပိုအားကောင်းအောင် ဆောင်ရွက်လာနိုင်တယ်လို့ ဆိုပါတယ်။
မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “အခု သူတို့လုပ်လာတဲ့ ဒီထိုးစစ်ဆိုရင် သူတို့ဟာသူတို့ ကျွံလာတာပေါ့။ စစ်ဦးကျွံလာတာပေါ့နော်။ တဖက်မှာ နောက်မှာ သူတို့ ခါးပြတ်နေခဲ့တယ်။ ဆိုတော့ ဒီဘက်က ကျနော်တို့ ပြောက်ကျားစစ်ကို သေချာဖော်နိုင်တဲ့ အခါကြတော့ တချို့ကိစ္စတွေမှာ သူတို့ တော်တော်ဆိုးဆိုးရွားရွားအခြေအနေနဲ့ သူတို့လည်း တွေ့ရတယ်။ ကျနော်တို့နိုင်ငံရဲ့ စစ်မျက်နှာတော်တော်များများမှာ တောက်လျှောက် သူတို့ အရေးနိမ့်နေတယ်။ ရခိုင်စစ်မျက်နှာ၊ မြောက်ပိုင်းကချင်စစ်မျက်နှာ၊ ရှမ်းမြောက်မှာပဲကြည့်ကြည့်၊ အလယ်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ ကြည့်လည်း စစ်မျက်နှာတိုင်းက သူတို့စစ်ရှုံးနေတာကိုး။ SCEF မှာ ကျနော်တို့ တပ်ပေါင်းစု အသွင်သဏ္ဏာန် တောက်လျှောက်ပေါ်လာတယ်။ အလုပ်တွေရော အတွေးတွေရောပေါ့။နောက်ဆုံး သူတို့ တခုတည်းသောအမိန့်ပေးစနစ်ကစပြီးတော့လေ။ အဲ့ဒီဟာက နိုင်ငံတကာ သံခင်းတမန်ခင်း ကိစ္စတွေမှာလည်း နိုင်ငံရေးအရလည်း ဘာပဲပြောပြော ပိုအားကောင်း လာတယ်ပေါ့နော်။ ဒီနှစ်ပိုင်းထဲမှာ အရေးသာတဲ့အခြေအနေကို ကျနော်တို့ ဆက်တိုက် ဖန်တီးလာနိုင်တယ်။ ဟန်ချက်ညီတဲ့ စစ်ကောင်စီပြုတ်ကျရေးလုပ်ဆောင်မှုတွေ နိုင်ငံရေးဘက်မှာရော စစ်ရေးဘက်မှာ ရော အများကြီးလုပ်နိုင်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ လုပ်နိုင်အောင်လည်း ဒီဘက်မှာ ကြိုးစားနေတဲ့အပိုင်းတွေတော့ အများကြီး ရှိပါတယ်။”
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ နိုဝင်ဘာ ၂၉ ရက်နောက်ပိုင်းမှာ ကာကွယ်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်အာဏာရှင်တပ်ဆီကို ပြန်လည် လွှဲပြောင်းပေးခဲ့ရတာပါ။
စစ်အာဏာရှင်တပ်တွေဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့ထဲကိုပြန်ဝင်ရောက်နိုင်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ မြို့ပေါ်နေရာကိုပဲ ထိန်းချုပ်နိုင်ပြီး မြို့ပြင်ပတ်ပတ်လည်နဲ့ ကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။
မြေပြင်စစ်ရေးအခြေအနေမကောင်းတာကြောင့် စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူသုံးပြီး ဒေသကိုထိန်းချုပ်နိုင်ဖို့ကြိုးစားတာ၊ စစ်ကြောင်းထိုးဝင်ရောက်တာနဲ့ ထိတွေ့တိုက်ပွဲတွေကြားမှာ ပြည်သူအများအပြားအခက်အခဲကြုံနေရတယ်လို့ ဒေသသတင်းတွေက ဖော်ပြပါတယ်။
သုတချမ်းသာ











