
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကနေ မြန်မာနိုင်ငံ နဲ့ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကို ကြိုဆိုကြောင်းနဲ့ စစ်အုပ်စုကို အသိအမှတ်ပြု ဆက်ဆံတာမလုပ်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) က နိုဝင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
G7 ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးဖို့နဲ့ အားလုံး ပါဝင်တဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တရပ် ဖြစ်ပေါ်လာရေး တောင်းဆိုချက်တွေ ပါဝင်တဲ့အပေါ် SCEF က ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် G7 နိုင်ငံတွေအနေနဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ အချိန်မတိုင်မီ ပုံမှန်ပြန်လည် ထိတွေ့ ဆက်ဆံတာ၊ အသိအမှတ်ပြုတာတွေ မလုပ်ဖို့ကိုလည်း SCEF က အထူးတောင်းဆိုထားပါတယ်။
အဲ့ဒီအစား လက်ရှိ ဖော်ဆောင်နေတဲ့ ပြည့်စုံလွှမ်းခြုံသော နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင် ရေးဆွဲရေးလုပ်ငန်းစဉ်တွေမှာ SCEF နဲ့ အတူပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
အဲ့ဒီ မူဘောင်ဟာ အရပ်သားပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးအတွက် လက်ငင်းဆောင်ရွက်ရမဲ့ အစီအမံတွေကို အားလုံး ပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ ချိတ်ဆက်ဖော်ဆောင်ထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် G7 အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဆိုပါ ကတိကဝတ်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်နိုင်ရေး SCEF နဲ့ ပူးပေါင်းကူညီပေးကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
G7 ကမ္ဘာ့ စီးပွားရေးအင်အားကြီး အဖွဲ့ဝင်နိုင်ငံ ၇ နိုင်ငံ ထဲမှာ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ ကနေဒါ နိုင်ငံတွေပါဝင်တာဖြစ်ပါတယ်။











