
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ရေးအတွက် ကိုရီးယားဒီမိုကရေစီဖောင်ဒေးရှင်း (KDF) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၆ ရက်က SCEF ကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးက တာဝန်ရှိသူတွေနဲ့အတူ ဆိုးလ်မြို့ရှိ ကိုရီးယားအမျိုးသားဒီမိုကရေစီပြတိုက်ကို သွားရောက်လေ့လာစဉ် KDF ဥက္ကဋ္ဌ မစ္စတာ မွန်းဂုဂျူးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီတိုက်ပွဲ၊ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုမှာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို ပံ့ပိုးနိုင်ဖို့ နိုင်ငံတကာစည်းလုံးညီညွတ်မှု အရေးကြီးကြောင်း နှစ်ဖက်အဖွဲ့အစည်းတွေက အလေးထား ပြောဆိုခဲ့ကြပြီး အနီးကပ် ဆက်သွယ်ဆောင်ရွက်ရေးနဲ့ ပူးပေါင်းမှုတွေ ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။
ကိုရီးယားဒီမိုကရေစီဖောင်ဒေးရှင်းဟာလည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသူတွေနဲ့အတူ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်မြှင့်တင်သွားမယ်လို့ ပြောဆိုထားပါတယ်။











