DVB Logo
Home
မြန်မာသတင်း
SCEF နှင့် ကိုရီးယားလွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး
DVB
·
November 6, 2026
SCEF နှင့် ကိုရီးယားလွှတ်တော်အမတ်များ တွေ့ဆုံဆွေးနွေး
1 / 6
Donate to DVB

ဖက်ဒရယ်ဒီမိုကရေစီ‌ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုရီးယားလွှတ်တော်အမတ်တွေ နိုဝင်ဘာ ၅ ရက်က  ဆိုးလ်မြို့မှာ တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယားဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

“Myanmar’s Path to a Federal Democratic Union: SCEF’s Role and Opportunities for the Republic of Korea” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ လွှတ်တော်ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ် အီယုန်ဆွန်း၊ ကိုရီးယားပြန်လည်တည်ဆောက်ရေးပါတီအမတ် ဂင်ဂျွန်းဟျောင်း၊ လွှတ်တော် နိုင်ငံခြားရေးနှင့် ငြိမ်းချမ်းရေးဖိုရမ်တို့က ကမကထပြုမှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဆွေးနွေးရာမှာ ကိုရီးယားနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံရေးအရ ထောက်ခံပေးရုံသာမက လက်တွေ့ကျတဲ့ အားပေးကူညီမှုတွေ ပေးဖို့၊၊ ပြည်တွင်းနဲ့ နယ်စပ်ဒေသ တလျှောက် လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေကို SCEF နဲ့ ချိတ်ဆက်ကာ နယ်မြေထိန်းချုပ်ထားနိုင်တဲ့ SCEF အဖွဲ့ဝင်တွေကနေ တဆင့် ကူညီပေးဖို့၊ ကိုရီးယား-အာဆီယံ ဆက်ဆံရေးမှတဆင့် ဒီမိုကရေစီရေး တွန်းအားပေးမှုကို တိုးမြှင့်ဖို့တွေ SCEF ကိုယ်စားလှယ်တွေဘက်က အဓိကထား တင်ပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကိုရီးယားအမတ်တွေဘက်ကတော့ ‌SCEF မှာ တချို့ အဓိကအဖွဲ့အစည်းတွေ မပါဝင်သေးတာကို ကျော်လွှားဖို့၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ဖက်ဒရယ်အစိုးရရဲ့ အာဏာခွဲဝေမှု၊ စစ်တပ်က စစ်အုပ်ချုပ်ရေးကို အရပ်သားအစိုးရပုံစံ ပြောင်းလဲကာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရှာဖွေနေတာကို တုံ့ပြန်မဲ့ နည်းလမ်းတွေ မေးမြန်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံနဲ့ မြန်မာဒီမိုကရေစီအင်အားစုတွေရဲ့ ဆက်ဆံရေးကိစ္စ၊ SCEF အနေနဲ့ ကိုရီးယားလွှတ်တော်နဲ့ အစိုးရထံ ဦးစားပေး တောင်းဆိုလိုတဲ့ကိစ္စတွေ မေးမြန်းပါတယ်။

ဒီမေးခွန်းတွေနဲ့ ပတ်သက်ပြီး SCEF အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဖက်ဒရယ်ယူနစ်တွေ၊ တော်လှန်ရေးအင်အားစုတွေ ဘက်စုံအသီးသီးနဲ့ ထိတွေ့ဆွေးနွေးနေပြီး ဘုံသဘောတူညီမှုနဲ့ ဆောင်ရွက်သွားမဲ့အကြောင်း၊ အရပ်သားပြည်သူတွေကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်ကို အခုတိုင် ကိုရီးယား အပါအဝင် နိုင်ငံတကာက အသိအမှတ်မပြုသေးတဲ့ ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ နယ်မြေတည်ငြိမ်မှုကို အာမခံနိုင်ပြီး မူဝါဒတခုတည်းနဲ့ ဆက်ဆံနိုင်တဲ့ မဟာမိတ်တပ်ပေါင်းစုကို မိတ်ဖက်အဖြစ် လိုလားမှာဖြစ်ကြောင်း၊ မြန်မာပြည်သူကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂသံအမတ်ကြီးကို ဆက်လက် ထောက်ခံဖို့နဲ့ လူသားချင်းစာနာအကူအညီတွေ ပေးအပ်ဖို့ ကိုရီးယားအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။

ဒီဆွေးနွေးပွဲကို RKP လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဂင်ဂျွန်ဟျောင်း ဦးဆောင်ပြီး လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ ဂင်ဟျောင်ယွန်း၊ ဘက်ဆွန်ဟီး၊ ဂန်ဂျောင်ဆုတို့ တက်ရောက်ကြကာ ဆွေး‌နွေးပွဲ သဘာပတိအဖြစ် Dong-A တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ ဝန်းဒုံအုက ဆောင်ရွက်ခဲ့ပါတယ်။

SCEF ဘက်ကတော့ အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF အတွင်းရေးမှူးအဖွဲ့ဝင်၊ KNPP အတွင်းရေးမှူး(၁)၊  ကရင်နီ IEC နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ နဲနယ်ပလိုး၊ CNF အထွေထွေအတွင်းရေးမှူး ဆလိုင်း တလာဟဲ၊ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင်၊ NUG ပြည်ထောင်စု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့က မြန်မာ့နိုင်ငံရေး လတ်တလောအခြေအနေနဲ့ SCEF ဖွဲ့စည်းမှု၊ ရည်မှန်းချက်တွေ ရှင်းလင်းတင်ပြကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

Photo: NUG Representative Office - Republic of Korea

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013