ကြောက်စိတ်ကို ကျော်လွန်၍

ဆောင်းဦးပေါက်၏ အအေးဓာတ်က အရိုးစိမ့်အောင် အေးစက်လာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ဒဏ်ရာဟောင်းများကို ပိုမိုနာကျင်ကိုက်ခဲစေတတ်သည်။ မိုးအုံ့၍ ရာသီဥတု ညှိုးမှိုင်းနေသော မိုးဖွဲဖွဲရွာသည့် ရက်မျိုးများတွင် မိမိခံစားရမည့် ဝေဒနာကို ကြိုတင်သိရှိပြီးသားဖြစ်သော်လည်း ထိုနာကျင်မှုများက တော်လှန်ရေးဆေးရုံဆီသို့ ဦးတည်ထွက်ခွာမည့် ဖြူ၏ ခြေလှမ်းများကို တားဆီးမထားနိုင်ခဲ့ပေ။ စစ်အာဏာရှင်စနစ်၏ ဆိုးမွေများကြောင့် ဆရာဝန်လိုင်စင်များ အသိမ်းခံထားရသော်လည်း လွတ်မြောက်နယ်မြေ၏ မြေနီလမ်းများပေါ်တွင်မူ ထိုစာရွက်စာတမ်းများထက် မိမိတတ်မြောက်ထားသည့် ဆေးပညာနှင့် လူနာများကို ကယ်တင်နိုင်စွမ်းကသာ ပို၍ အဓိပ္ပာယ်ရှိနေခဲ့သည်။
မြို့မကျတောမကျ တောင်ပေါ်မြို့လေး၏ ဆေးရုံဝင်းသည် ခမ်းနားလှသည်မဟုတ်သော်လည်း လူပေါင်းများစွာ၏ အသက်ကို နေ့စဉ် ကယ်တင်နေသည့် နေရာတခု ဖြစ်သည်။ ထိုနေရာတွင် ဖြူသည် စစ်ကောင်စီ၏ ဒရုန်းကြောင့် လက်အရင်းပြတ်တောက်သွားရရှာသည့် အသက် ၂၂ နှစ်အရွယ် CDM ဆေးကျောင်းသူ “ဆောင်းဦး”နှင့် ဆုံတွေ့ခဲ့ရသည်။
အညာဒေသမှ တောင်ပေါ်ဒေသအထိ ရှည်လျားခက်ခဲသော ခရီးကို ဒဏ်ရာပြင်းထန်စွာဖြင့် ကျော်ဖြတ်လာခဲ့ရသော်လည်း သူ့ထံမှ အော်သံတချက်မျှ ထွက်မလာပေ။ မိမိကိုယ်တိုင် စစ်ကြောရေးတွင် ၁၀ ရက်မျှ ဖြတ်သန်းခဲ့ရုံဖြင့် ဘဝကို ဆိုးရွားလှသည်ဟု ထင်ခဲ့ဖူးသော ဖြူအတွက်မူ ဤအသက် ၂၂ နှစ်အရွယ် ကလေးမ၏ တည်ငြိမ်ရဲရင့်သည့် သတ္တိမှာ အံ့ဩစရာကောင်းလှပြီး သူ့ထက်ပင် ပိုမိုကြီးမားနေသည်ကို တွေ့ရှိခဲ့ရသည်။
ဆရာဝန်မ ဖြူနှင့် ကျောင်းသူ ဆောင်းဦးတို့၏ ဖြတ်သန်းမှုသည် မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြသော CDM ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးလောကသားများ၏ ကြီးမားလှသော ပန်းချီကား၏ အစိတ်အပိုင်း တခုသာ ဖြစ်သည်။
အသက်နှင့်ရင်းကာ မားမားရပ်တည်ခဲ့ကြခြင်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ ပြည်သူလူထုနှင့်အတူ ရပ်တည်ရန်အတွက် ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း သောင်းနှင့်ချီကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည်။ ၎င်းတို့သည် ရာထူး၊ ဂုဏ်သိက္ခာနှင့် လစာများကို စွန့်လွှတ်ခဲ့ရုံသာမက စစ်ကောင်စီ၏ ဖမ်းဆီးအကျဉ်းချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိုင်စင်သိမ်းဆည်းခံရခြင်းများကိုပါ ရင်ဆိုင်ခဲ့ကြရသည်။
လွတ်မြောက်နယ်မြေနှင့် ရှေ့တန်းဆေးရုံများ
မြို့ပြများမှ ဆုတ်ခွာလာကြရသော်လည်း ၎င်းတို့သည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများအတွက် အသက်ဆက်ရာ တောင်ပေါ်ဒေသများ၊ တောတွင်း လွတ်မြောက်နယ်မြေများတွင် တပ်ရင်းဆေးရုံများနှင့် ပြည်သူ့ဆေးရုံများကို အုတ်မြစ်ချ နေထိုင်ရင်းသူတို့၏ ဘ၀ကိုစတင်၍ တည်ဆောက်ခဲ့ကြသည်။ ဒရုန်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်ကြားမှပင် အသက်ကို ပဓာနမထားဘဲ ခွဲစိတ်ကုသမှုများကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်ပေးနေဆဲဖြစ်သည်။
ဆောင်းဦးကဲ့သို့သော CDM ဆေးကျောင်းသူများနှင့် လူငယ်များမှာ ပညာရေးနှင့် ဘဝအနာဂတ်များကို ခေတ္တရပ်နားကာ တော်လှန်ရေး၏ အဓိက သွေးကြောနေရာများတွင် အနစ်နာခံ တာဝန်ထမ်းဆောင်နေကြသည်။
ဆေးရုံဝင်းအတွင်း ကျိုင်းထောက်ငယ်များကို အားပြုကာ ခြေတဖက်မရှိတော့သည့် ရဲဘော်၏ “လမ်းမြန်မြန်ပြန်လျှောက်ချင်ပြီ ဆရာမ၊ ဒါမှ တပ်ရင်းပြန်ပြီး တာဝန်တွေ ထမ်းဆောင်နိုင်မှာ” ဟုဆိုသော ကလေး၏ မျက်နှာဟာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသော်လည်း တော်လှန်ရေးအပေါ် သစ္စာမဖောက်ဘဲ ဆက်လက်ပါဝင်နေဆဲပင်။
မျက်စိတဘက် မရှိတော့သည့် ရဲဘော်လေးကို အရင်းအနှီးတခု ပေးကာ “တပ်ရင်းက နားပြီး အေးဆေးနေပါတော့” လို့ နားချတိုင်း “ကျနော်တိ့ နိုင်တဲ့နေရာကနေ ပါဝင်ချင်သေးတယ် ဆရာမ၊ ဆရာမပေးမဲ့ အရင်းအနှီးကို တပ်ရင်းရဲ့ လိုအပ်တဲ့နေရာမှာ သုံးလိုက်မယ်လေ” လို့ ရယ်ကျဲကျဲ ပြောလာတဲ့ အညာသားကြီးကို ဖြူ မဆူရက်ခဲ့ပေ။ ဘဝတွေ၊ အနာဂတ်တွေ စွန့်လွှတ်နေတဲ့ ဒီလူငယ်တွေဟာ နေရာတခုရဖို့ စိတ်ကူးမရှိသလို၊ အခွင့်အရေးအတွက် ပါဝင်နေကြသူတွေ မဟုတ်ပါ။ တော်လှန်ရေးပြီးရင် အိမ်ပြန်ခြံစိုက်မဲ့လူနဲ့ “မိန်းမယူပြီး အေးဆေးနေမယ်ဗျာ” ဟု ဆိုသူများကို ကြည့်ရင်း ဖြူ တယောက် အံကိုခဲနေမိသည်တော့ အမှန်ပင်။
စစ်ဘေးဒဏ်သင့် တောင်ပေါ်ဒေသ၏ ဆောင်းဦးပေါက် အအေးဓာတ်က အရိုးစိမ့်အောင် အေးစက်နေဆဲပင် ဖြစ်သည်။
သို့သော် လွတ်မြောက်နယ်မြေ၏ ဆေးရုံးငယ်လေးထဲတွင်မူ တနိုင်ငံလုံး အတိုင်းအတာဖြင့် အဖိနှိပ်ခံ ပြည်သူများဘက်မှ ရပ်တည်နေကြသည့် ဆေးလောကသားများနှင့် ရဲရင့်သော လူငယ်တို့၏ တော်လှန်ရေးစိတ်ဓာတ် မီးတောက်ပြင်းပြင်းများက အမှောင်ထုကို ဆက်လက် တိုက်ထုတ်နေဆဲပင် ဖြစ်ပေတော့သည်။











