DVB Logo
Home
Lead Story
စာကြောင်းတိုင်း သေချာဖတ်ပါ၊ အမေရိကန်ရဲ့ မြန်မာ့အရေး မဟာဗျူဟာအသစ်နဲ့ နွေဦးတော်လှန်ရေး
DVB
·
November 11, 2026
စာကြောင်းတိုင်း သေချာဖတ်ပါ၊ အမေရိကန်ရဲ့ မြန်မာ့အရေး မဟာဗျူဟာအသစ်နဲ့ နွေဦးတော်လှန်ရေး
Donate to DVB

 

ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ မဟာဗျူဟာစာတမ်းအသစ် အွန်လိုင်းပေါ် ပျံ့နှံ့လာတော့ တုံ့ပြန်မှုတွေ အမြန်ထွက်လာပါတယ်။ အများစုက စိတ်ပျက်အားငယ်စရာ သုံးသပ်ချက်တွေ ဖြစ်နေပါတယ်။ တချို့က အမေရိကန်ဟာ မြေရှားသတ္တုအတွက် ဒီမိုကရေစီကို လဲလှယ်လိုက်ပြီလို့ ယူဆကြပါတယ်။ တချို့ကတော့ စစ်ကောင်စီနဲ့ ဆက်ဆံဖို့ အမေရိကန်က တိတ်တဆိတ် လမ်းဖွင့်ပေးလိုက်ပြီ၊ ဒါမှမဟုတ် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းဟောင်းကို ပြန်အသက်သွင်းတော့မယ်လို့ မြင်ကြပါတယ်။ ဒီစာတမ်းထဲမှာ အရေးကြီးတဲ့အချက်တွေ ပါပါတယ်။ ဒါပေမဲ့ လူတွေ စိုးရိမ်နေသလောက်တော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီစာတမ်းရဲ့ အနာဂတ်ကို စာတမ်းရေးသူတွေ ကြိုမမြင်ခဲ့တဲ့ အခြေအနေတွေကလည်း ပုံဖော်သွားပါလိမ့်မယ်။ ဒီအပတ်က အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲရလဒ်က အဲဒီထဲမှာ တခုအပါအဝင်ပါ။

ဒီစာတမ်းက ဘာလဲ၊ ဘယ်သူတွေ ရေးတာလဲ

ဒီစာတမ်းရဲ့ အမည်က “နိုင်ငံဆိုင်ရာ ပေါင်းစည်းမဟာဗျူဟာ” (Integrated Country Strategy —ICS) ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာ သဘောတူစာချုပ် မဟုတ်ပါဘူး။ ဥပဒေလည်း မဟုတ်ပါဘူး။ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ ကြေညာချက်လည်း မဟုတ်ပါဘူး။ အမေရိကန်သံရုံးတိုင်း ပုံမှန်ရေးဆွဲရတဲ့ လေးနှစ်တာ လုပ်ငန်းစီမံချက်တခုသာ ဖြစ်ပါတယ်။

သံရုံးအကြီးအကဲရဲ့ ဦးဆောင်မှုအောက်မှာ သံရုံးမှာရှိတဲ့ အမေရိကန်အစိုးရဌာန အသီးသီးက ပူးပေါင်းရေးဆွဲပြီး ဝါရှင်တန်က ပြန်လည်စိစစ်ပါတယ်။ လက်ရှိအာဏာရအစိုးရရဲ့ အမျိုးသားလုံခြုံရေး ဦးစားပေးချက်တွေကို သံရုံးရဲ့ နေ့စဉ်လုပ်ငန်းတွေအဖြစ် ပြောင်းလဲချမှတ်ပေးတာပါ။ ဘတ်ဂျက်တောင်းခံဖို့နဲ့ သံရုံးရဲ့ လုပ်ငန်းရလဒ်ကို တိုင်းတာဖို့လည်း သုံးပါတယ်။ မြန်မာနိုင်ငံအတွက် ၂၀၂၂ ခုနှစ်က ရေးခဲ့တဲ့ စာတမ်းဟာ ဘိုင်ဒင်အစိုးရရဲ့ ဦးစားပေးချက်တွေကို ထင်ဟပ်ခဲ့ပြီး အခုစာတမ်းကတော့ သမ္မတထရမ့်ပ် အစိုးရရဲ့ ဦးစားပေးချက်တွေကို ထင်ဟပ်ပါတယ်။

၂၀၂၆ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာစာတမ်းကို ၂၀၂၆ ဩဂုတ် ၃၁ ရက်မှာ အတည်ပြုပြီး အောက်တိုဘာလမှာ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုစာတမ်းမျိုးကို လပေါင်းများစွာ ကြိုတင်ပြင်ဆင် ရေးဆွဲရလေ့ ရှိတာကြောင့် အတည်ပြုရက်မတိုင်ခင်က အခြေအနေတွေကိုသာ ထင်ဟပ်ပါတယ်။ ဒီအပတ်ရဲ့ ရွေးကောက်ပွဲရလဒ်ကို ထည့်တွက်ထားခြင်း မရှိပါဘူး။ ဒီစာတမ်းက ပိတ်ဆို့အရေးယူမှုတွေကို မရုပ်သိမ်းပါဘူး။ စစ်အာဏာပိုင်တွေကို အသိအမှတ်မပြုပါဘူး။ အမေရိကန်လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုလည်း ကျော်လွန်လို့ မရပါဘူး။

ဒီမဟာဗျူဟာက ဘာကို ရည်ရွယ်သလဲ

စာတမ်းက သူ့ကိုယ်သူ သမ္မတထရမ့်ပ်ရဲ့ “အမေရိကန်ကို ဦးစားပေးမယ်” (America First) နိုင်ငံခြားရေးမူဝါဒအပေါ် အခြေခံထားတယ်လို့ ပွင့်ပွင့်လင်းလင်း ရေးထားပါတယ်။ မြန်မာနိုင်ငံဟာ “တရုတ်နဲ့ အိန္ဒိယရဲ့ အိမ်ဝမှာ” တည်ရှိတာကြောင့် အမေရိကန်အတွက် အရေးပါတယ်လို့လည်း ဆိုထားပါတယ်။

အဓိကပန်းတိုင် ၄ ခု ရှိပါတယ်။ ပထမက အွန်လိုင်းငွေလိမ်စခန်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ဗီဇာသက်တမ်းကျော် နေထိုင်မှုလို မြန်မာပြည်ကနေ ပေါ်ပေါက်လာတဲ့ နယ်စပ်ဖြတ်ကျော် အန္တရာယ်တွေကနေ အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒုတိယက အမေရိကန်ရဲ့ ကုန်သွယ်ရေးလိုငွေကို လျှော့ချဖို့၊ တတိယက အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ရှေ့ဆက်ဖို့နဲ့ စတုတ္ထက ဒေသတွင်းမှာ အမေရိကန်ဩဇာကို တိုးချဲ့ဖို့ ဖြစ်ပါတယ်။

အကောင်အထည်ဖော်ချင်တဲ့ ပစ်မှတ်တွေလည်း ပါပါတယ်။ တခုချင်း အမေရိကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိတဲ့ ကုန်သွယ်ရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခုရဖို့၊ ၂၀၃၀ နှစ်ကုန်မှာ မြန်မာက အမေရိကန်ကုန်ပစ္စည်း တင်သွင်းမှုကို ၃ ဆတိုးဖို့၊ ဗီဇာသက်တမ်းကျော်သူတွေကို နေရပ်ပြန်ပို့ရေးမှာ မြန်မာအာဏာပိုင်တွေနဲ့ ပိုမိုပူးပေါင်းဖို့နဲ့ ထိခိုက်လွယ်သူ လူ ၃ သန်းဆီ လူသားချင်းစာနာမှု အကူအညီ ရောက်ဖို့ စတာတွေ ဖြစ်ပါတယ်။

စာတမ်းထဲမှာ မပါတဲ့အချက်တွေကလည်း အဓိပ္ပာယ်ရှိပါတယ်။ ဒီမိုကရေစီ၊ စစ်အာဏာသိမ်းမှု၊ ရွေးကောက်ပွဲ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ရိုဟင်ဂျာတွေအကြောင်း လုံးဝ မဖော်ပြထားပါဘူး။ “စစ်ကောင်စီ” လို့ မသုံးဘဲ “မြန်မာအာဏာပိုင်များ” နဲ့ “နေပြည်တော်ရှိ ဆုံးဖြတ်ချက်ချသူများ” လို့ သုံးထားပါတယ်။ ဒီလိုအသုံးအနှုန်းက တရားဝင်အသိအမှတ်ပြုခြင်းမရှိဘဲ လုပ်ငန်းအဆင့် ဆက်သွယ်ခွင့်ကို ဖွင့်ထားတာပါ။ လူ့အခွင့်အရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုတဲ့ စကားလုံးတွေ ပါပေမဲ့ ငြိမ်းချမ်းရေးပန်းတိုင်အောက်မှာ အထောက်အကူစကားလုံးအဖြစ်သာ ပါပါတယ်။

အရေးအကြီးဆုံး အပိုဒ်ကတော့ ရည်မှန်းချက် ၃.၂ ပါ။ အဲဒီမှာ သံရုံးက အဖွဲ့အစည်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ အနည်းဆုံး ၃ ခုကို စီစဉ်ကူညီပေးမယ်လို့ ဆိုထားပါတယ်။ အဲဒီဆွေးနွေးပွဲတွေကနေ အခွန်ဝင်ငွေနဲ့ ဘဏ္ဍာရေးအာဏာကို ဗဟိုနဲ့ ပြည်နယ်ကြား ဘယ်လိုခွဲဝေမလဲ၊ နယ်နိမိတ်တွေကို ဘယ်လိုသတ်မှတ်မလဲဆိုတဲ့ကိစ္စတွေမှာ “လက်တွေ့သဘောတူညီချက် သို့မဟုတ် မူဝါဒ အဆိုပြုချက်များ” ထွက်ပေါ်လာဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဒီလုပ်ငန်းတွေက “မြန်မာ့ကြွယ်ဝတဲ့ မြေရှားသတ္တုအရင်းအမြစ်တွေကို လက်လှမ်းမီဖို့နဲ့ ငွေလိမ်စခန်းတွေကို တိုက်ဖျက်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးလိမ့်မယ်” လို့ ဆက်ရေးထားပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ သယံဇာတရယူရေးကို စာကြောင်းတကြောင်းတည်းမှာ အတူတွဲရေးထားတာပါ။

ဒါတွေအားလုံးဟာ ရည်မှန်းထားတဲ့ ပစ်မှတ်တွေသာ ဖြစ်ပြီး အကောင်အထည်ပေါ်ပြီးသား ရလဒ်တွေ မဟုတ်ပါဘူး။

အမေရိကန်က ဒီမိုကရေစီကို စွန့်လွှတ်လိုက်ပြီလား

မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ရေးကို အဓိကပန်းတိုင်အဖြစ် ထားခဲ့တဲ့ ၂၀၂၂ စာတမ်းနဲ့ ယှဉ်ကြည့်ရင် ဒါဟာ အမှန်တကယ် အပြောင်းအလဲပါ။ အခုတော့ လုံခြုံရေး၊ ကုန်သွယ်ရေး၊ သတ္တုသယံဇာတနဲ့ ဩဇာပြိုင်ဆိုင်ရေးတို့က ရှေ့တန်းရောက်လာပါတယ်။

ဒါပေမဲ့ ဒီမိုကရေစီကို စွန့်လွှတ်လိုက်ပြီလို့ ဆိုရင်တော့ လွန်ပါတယ်။ ၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေထဲ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ BURMA Act အရ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ရုန်းကန်နေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံဖို့ဟာ အမေရိကန်ရဲ့ တရားဝင်မူဝါဒ ဖြစ်ပါတယ်။ သံရုံးရဲ့ လုပ်ငန်းစီမံချက်တခုက ဥပဒေကို ပယ်ဖျက်လို့ မရပါဘူး။ လက်ရှိ ပိတ်ဆို့အရေးယူမှုတွေလည်း တရားဝင်ပြင်ဆင်ခြင်း မရှိသရွေ့ ဆက်လက်အာဏာတည်နေပါတယ်။

ဒါပေမဲ့ အန္တရာယ်တွေကတော့ ရှိနေပါတယ်။ နေပြည်တော်နဲ့ ဆက်ဆံမှုတိုးလာရင် နိုင်ငံတကာက သူတို့ကို အရေးထားနေပြီလို့ စစ်ကောင်စီက ဝါဒဖြန့်ဖို့ အသုံးချနိုင်ပါတယ်။ ကုန်သွယ်ရေး ပစ်မှတ်တွေကြောင့် အမေရိကန်အရာရှိတွေဟာ အသက်ဘယ်လောက် ကာကွယ်နိုင်ခဲ့သလဲ ဆိုတာထက် စာချုပ်ဘယ်နှခု ရခဲ့သလဲဆိုတာနဲ့ အောင်မြင်မှုကို တိုင်းတာချင်လာနိုင်ပါတယ်။ ပိုပြီး သတိထားရမဲ့ အန္တရာယ်ကတော့ “ခွဲခြားပြီး အုပ်ချုပ်” တဲ့နည်းပါ။ အဖွဲ့တစ်ဖွဲ့ချင်းစီနဲ့ သီးခြားသဘောတူညီချက်တွေ လုပ်တာ၊ ဆွေးနွေးပွဲတွေမှာ တချို့အဖွဲ့တွေကိုပဲ ဖိတ်ပြီး တချို့ကို ချန်ထားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကို စစ်တပ်နဲ့ စေ့စပ်ဖို့ ဖိအားပေးတော့မှာလား

တော်လှန်ရေးအင်အားစုတွေကို စစ်တပ်နဲ့ အခြေအနေမကောင်းတဲ့ စည်းကမ်းချက်တွေနဲ့ ဆွေးနွေးပွဲ ထိုင်ခိုင်းမယ်၊ NCA လမ်းကြောင်းဟောင်းကို ပြန်အသက်သွင်းမယ်လို့ စိုးရိမ်သူတွေ အများကြီးရှိပါတယ်။ စာတမ်းပါ စာသားကတော့ အဲဒီလို ကောက်ချက်ကို အထောက်အထား မပေးပါဘူး။

စာတမ်းထဲမှာ NCA ကို တကြိမ်မှ မဖော်ပြထားပါဘူး။ ရည်မှန်းချက် ၃.၁ က ၂၀၃၀ ဇူလိုင်လမှာ ငြိမ်းချမ်းရေးသဘောတူညီချက်ဆီ ဦးတည်တဲ့ ရေရှည်အပစ်ရပ်စဲရေးကို ပံ့ပိုးဖို့ ဖြစ်ပါတယ်။ ရည်မှန်းချက် ၃.၂ ကတော့ သီးခြားလမ်းကြောင်းတခု ဖြစ်ပြီး တနိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမတိုင်ခင် “ပြည်နယ်နဲ့ ဒေသအဆင့် အတိုက်အခံအဖွဲ့အစည်းတွေကြား ကွဲပြားမှုတွေကို လျှော့ချဖို့” ကို အဓိကပန်းတိုင်အဖြစ် ထားပါတယ်။ အဲဒီဆွေးနွေးပွဲတွေက ဝင်ငွေနဲ့ ဘဏ္ဍာရေးအာဏာ ခွဲဝေရေး၊ နယ်နိမိတ် ဘယ်လို သတ်မှတ်မလဲဆိုတဲ့ ကိစ္စတွေအတွက်ပါ။ နယ်မြေကို ဘယ်သူပိုင်မလဲဆိုတာ ဆုံးဖြတ်ဖို့ မဟုတ်ပါဘူး။

မျှမျှတတ ဖတ်ကြည့်ရင် ရည်မှန်းချက် ၃.၂ ဟာ တော်လှန်ရေးအင်အားစုတွေကြားက ကိုယ်ပိုင်ကွဲလွဲချက်တွေ၊ အထူးသဖြင့် ဝင်ငွေခွဲဝေရေးနဲ့ နယ်နိမိတ်ကိစ္စတွေကို ဖြေရှင်းနိုင်အောင် အမေရိကန်က ကူညီဖို့ ရည်ရွယ်တယ်လို့ ဆိုလိုပါတယ်။ ဒီကိစ္စတွေဟာ တော်လှန်ရေးအတွင်းမှာ အခက်ခဲဆုံး မေးခွန်းတွေထဲက ဖြစ်နေတာ ကြာပါပြီ။ ရှင်းလင်းချက်အပိုင်းမှာ “ဗဟို၊ ပြည်နယ်နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ”ကြား ကွဲပြားမှု လျှော့ချရေးလို့လည်း ရေးထားပေမဲ့ “ဗဟို” ဆိုတာ ဘယ်သူ့ကို ဆိုလိုသလဲ မရှင်းပါဘူး။ ဘယ်သူတွေကို ဖိတ်မလဲ၊ စစ်တပ် ပါ၊ မပါ ဆိုတာကိုလည်း မဖော်ပြထားပါဘူး။ ဒီမေးခွန်းတွေကို စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ပြန်လည်သင့်မြတ်ရေးကို အမေရိကန်က ကြားဝင်စေ့စပ်ပေးမယ်လို့ စာတမ်းထဲ ဘယ်နေရာမှာမှ ကတိမပြုထားပါဘူး။

ဒါဟာ အခွင့်အလမ်းတခုပါ။ ဖက်ဒရယ်အစီအစဉ်တွေအပေါ် သဘောတူညီပြီးသား တော်လှန်ရေးအင်အားစုဟာ ဆွေးနွေးပွဲစားပွဲမှာ အင်အားရှိရှိ ရပ်တည်နိုင်ပါတယ်။ ဒီကိစ္စတွေအပေါ် တော်လှန်ရေးအဖွဲ့အစည်းတွေက သိသိသာသာ ကြိုတင်လုပ်ဆောင်ထားပြီးသားလည်း ဖြစ်ပါတယ်။

၂၀၃၀ ဆိုတာလည်း နောက်ဆုံးရာဇသံ မဟုတ်ပါဘူး။ ၄ နှစ်တာ စီမံချက်တခုရဲ့ အချိန်ကာလ ပစ်မှတ်သာ ဖြစ်ပါတယ်။ မြန်မာဘက်က ဘယ်အဖွဲ့ကိုမှ အပြစ်ပေးမယ်လို့ မပါသလို ငြိမ်းချမ်းရေး သေချာပေါက်ရမယ်လို့လည်း အာမခံမထားပါဘူး။

တရုတ်ဘက်က ဘယ်လိုမြင်သလဲ

တရုတ်ဘက်က အမြင်တခုကလည်း အခြေအနေကို လက်တွေ့ကျကျ ချိန်ဆဖို့ အထောက်အကူပြုပါတယ်။ Barbed Wires စာစောင်နဲ့ အင်တာဗျူးမှာ ကုမ္ပဏီတွေကို အကြံပေးနေတဲ့ တရုတ်နိုင်ငံအခြေစိုက် လွတ်လပ်တဲ့ သုတေသီ လျူယွင်က ဒီစာတမ်းဟာ “အခြေခံအားဖြင့် နှစ်ပေါင်းများစွာအတွက် စီမံချက်မူဘောင်တခု”သာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ အမေရိကန်အတွက် ရုတ်တရက် အဓိကဦးစားပေးနိုင်ငံ ဖြစ်သွားပြီလို့ မဆိုလိုဘူးလို့ ပြောပါတယ်။ အနီးစပ်ဆုံးကာလမှာ ငွေလိမ်လုပ်ငန်းနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေမှာပဲ ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်ပြီး မြေရှားသတ္တုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကတော့ “ရှေ့ဆက်ဖို့ အများကြီး ပိုခက်ခဲမယ်” လို့ သူက မျှော်မှန်းပါတယ်။

သူက သတိပေးချက် ၂ ခုလည်း ပေးပါတယ်။ ပထမတခုက နေပြည်တော်ဟာ ဝါရှင်တန်နဲ့ ဆက်ဆံရေးကို အသုံးချပြီး “သံတမန်ရေးမှာ လှုပ်ရှားနိုင်တဲ့နေရာ ပိုရလာနိုင်တယ်” ဆိုတာပါ။ ဒုတိယက တရုတ်ဟာ တော်လှန်ရေးကို စည်းလုံးတဲ့ အင်အားစုတခုအဖြစ် မမြင်ဘဲ အဖွဲ့တဖွဲ့ချင်းစီနဲ့ သီးခြားဆက်ဆံနေတယ်ဆိုတာပါ။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အရေးကြီးတဲ့ မြေရှားသတ္တုတူးဖော်ရေးနယ်မြေတွေကို ထိန်းချုပ်ထားတယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဒါမှမဟုတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဟာ အနာဂတ် နိုင်ငံရေးဖြေရှင်းချက်မှာ မပါမဖြစ် အင်အားစုတွေ ဖြစ်လာမယ်ဆိုရင် တရုတ်က သူတို့နဲ့ ပိုပြီးဆက်ဆံလာနိုင်တယ်လို့ ဆက်ပြောပါတယ်။ ဒါတွေဟာ သုတေသီတဦးရဲ့ အမြင်သာဖြစ်ပြီး ပေကျင်းရဲ့ တရားဝင်ရပ်တည်ချက် မဟုတ်ပါဘူး။ ဒါပေမဲ့ သင်ခန်းစာကတော့ အမေရိကန်စာတမ်းနဲ့ အတူတူပါပဲ။ ပြင်ပအင်အားကြီးနိုင်ငံတွေဟာ စည်းလုံးညီညွတ်ပြီး မပါမဖြစ်တဲ့ တော်လှန်ရေးကို အလေးထားကြပြီး ကွဲပြားနေတဲ့ တော်လှန်ရေးကိုတော့ အခွင့်ကောင်းယူကြပါလိမ့်မယ်။

ကြားဖြတ်ရွေးကောက်ပွဲရလဒ်က ဘာတွေပြောင်းစေမလဲ

နိုဝင်ဘာ ၃ ရက်က ဒီမိုကရက်တစ်ပါတီဟာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်လုံးကို အနိုင်ရခဲ့တယ်လို့ အမေရိကန်သတင်းဌာန NPR နဲ့ NBC News တို့က ဖော်ပြပါတယ်။ ဇန်နဝါရီလကစပြီး အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒဟာ လွှတ်တော်ရဲ့ ထိန်းကျောင်းမှုကို ပိုပြီး ရင်ဆိုင်ရပါလိမ့်မယ်။

လွှတ်တော်ဟာ ဘတ်ဂျက်ကို ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု ရန်ပုံငွေတွေကို ကာကွယ်ပေးနိုင်သလို စစ်တပ်နဲ့ ဆက်နွှယ်သူတွေ အကျိုးအမြတ်ရမဲ့ လုပ်ငန်းတွေမှာ အမေရိကန်ငွေ မသုံးရအောင်လည်း တားမြစ်နိုင်ပါတယ်။ ကြားနာပွဲတွေ ကျင်းပနိုင်တယ်၊ အစီရင်ခံစာတွေ တောင်းနိုင်တယ်၊ အစိုးရ စာရင်းစစ်ရုံးကို စစ်ဆေးခိုင်းနိုင်ပါတယ်။ သံအမတ်ကြီးတွေနဲ့ အဆင့်မြင့်သံတမန်တွေကိုလည်း အထက်လွှတ်တော်က အတည်ပြုပေးရပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံမှုဟာ ဘယ်တုန်းကမှ ပါတီတခုတည်းနဲ့ မဆိုင်ခဲ့ပါဘူး။ ဥပဒေစိုးမိုးရေး အရေးယူမှုမှတဆင့် မြန်မာ့အရေး တာဝန်ခံမှုရှိစေရေး ဥပဒေကြမ်း (BRAVE Burma Act) ကို ဒီမိုကရက်အထက်လွှတ်တော်အမတ် ခရစ်ဗန်ဟောလင်နဲ့ ရီပတ်ဘလစ်ကန်အမတ် တော့ဒ်ယန်းတို့ ပူးတွဲတင်သွင်းခဲ့ပြီး ရီပတ်ဘလစ်ကန်အမတ် မစ်ချ် မက်ကွန်နယ်နဲ့ ဒီမိုကရက်အမတ် ဂျက်ဖ်မာ့ခ်လေတို့လည်း ထောက်ခံသူတွေထဲ ပါဝင်ပါတယ်။ ဒီမိုကရက်တွေ ဦးဆောင်တဲ့ လွှတ်တော်ဟာ ပါတီနှစ်ရပ်ရဲ့ ထောက်ခံမှုကို အစားထိုးမှာ မဟုတ်ဘဲ ပိုပြီး အားဖြည့်ပေးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီရလဒ်ကြောင့် မဟာဗျူဟာ အလိုအလျောက် ပြောင်းပြန်ဖြစ်သွားမှာ မဟုတ်ပါဘူး။ သမ္မတမှာ သံတမန်ရေးအာဏာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဥပဒေကြမ်းကို ပယ်ချနိုင်တဲ့ ဗီတိုအာဏာ ဆက်ရှိနေပါတယ်။ ဒါပေမဲ့ နေပြည်တော်နဲ့ ဆက်ဆံမှုတွေဟာ စည်းကမ်းချက်တွေနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ ပိုပါလာဖွယ် ရှိပါတယ်။ ဒီစာတမ်းဟာ နွေဦးတော်လှန်ရေးကို သက်ရောက်မှုရှိမှာ အမှန်ပါ။ ဒါပေမဲ့ တချို့ ခန့်မှန်းနေကြသလောက် ဆိုးရွားမှာ မဟုတ်ပါဘူး။

တော်လှန်ရေးအင်အားစုတွေ ဘာလုပ်သင့်သလဲ

ပထမ၊ ကောလာဟလကို မယုံဘဲ မူရင်းစာတမ်းကို ဖတ်ပါ။ မှားယွင်းစွာ ဖတ်ရှုပြီး ပျံ့နှံ့လာတဲ့ စိုးရိမ်ပူပန်မှုဟာ ဘယ်သံရုံးစီမံချက်ထက်မဆို စစ်ကောင်စီရဲ့ သတင်းစစ်ပွဲကို ပိုအကျိုးပြုပါတယ်။

ဒုတိယ၊ ကိုယ့်စည်းကမ်းချက်နဲ့ကိုယ် စည်းလုံးပါ။ အမေရိကန်က ကွဲပြားမှု လျှော့ချရေးအကြောင်း ပြောနေချိန်မှာ တရုတ်ကတော့ တော်လှန်ရေးအဖွဲ့တွေကို တဖွဲ့ချင်း ခွဲဆက်ဆံနေပြီးသားပါ။ ဘုံအနည်းဆုံး တောင်းဆိုချက် စာရင်းတိုတခု၊ ပြင်ပနဲ့ တွေ့ဆုံမှုတွေအကြောင်း အချင်းချင်း သတင်းဖလှယ်တဲ့ လမ်းကြောင်းတခုနဲ့ မဟာမိတ်တဖွဲ့ရဲ့ မြေ၊ သယံဇာတ ဒါမှမဟုတ် ပြည်သူကို ထိခိုက်မဲ့ သဘောတူညီချက်မလုပ်ခင် ကြိုတင်တိုင်ပင်တဲ့ စနစ်တခု ရှိရင် “ခွဲခြားပြီး အုပ်ချုပ်” တဲ့ နည်းကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။ အဖွဲ့တိုင်းက ကိုယ့်ကိုယ်စားလှယ်ကို ကိုယ်တိုင် ရွေးချယ်သင့်ပြီး မဟာမိတ်တွေကို ထိခိုက်စေမဲ့ သီးခြားသဘောတူညီချက်တွေ ဘယ်အဖွဲ့ကမှ မလုပ်သင့်ပါဘူး။

တတိယ၊ ရည်မှန်းချက် ၃.၂ က ဖွင့်ပေးတဲ့ အခွင့်အလမ်းကို အသုံးချပါ။ သူများက စီစဉ်တဲ့ စည်းကမ်းချက်အတိုင်း ဖိတ်ခေါ်မှုကို စောင့်နေမဲ့အစား ဝင်ငွေခွဲဝေရေးနဲ့ နယ်နိမိတ်ကိစ္စတွေအပေါ် ပူးတွဲအဆိုပြုချက်တွေနဲ့ ကြိုတင်အသင့်ပြင်ထားပါ။

စတုတ္ထ၊ အလျှော့ပေးမှုမလုပ်ခင် တိုးတက်မှုကို အရင်စစ်ဆေးအတည်ပြုခိုင်းပါ။ ပိတ်ဆို့ အရေးယူမှု လျှော့ပေါ့တာ၊ ကုန်သွယ်ရေးဆက်ဆံမှု တိုးချဲ့တာမျိုး မလုပ်ခင် လွတ်လပ်စွာ စစ်ဆေး အတည်ပြုထားတဲ့ တိုးတက်မှု ရှိရမယ်လို့ လွှတ်တော်သစ်ကတဆင့် တောင်းဆိုနိုင်ပါတယ်။ အဲဒီတိုးတက်မှုတွေက အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ရောက်ရှိရေး၊ တိုင်းတာလို့ရတဲ့ လူ့အခွင့်အရေး တိုးတက်မှုနဲ့ တော်လှန်ရေးအင်အားစုတွေ၊ ထိခိုက်ခံရတဲ့ ဒေသခံပြည်သူတွေ အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့်ရရေး စတာတွေ ဖြစ်ပါတယ်။

ပဉ္စမ၊ သယံဇာတကိစ္စမှာ ဒေသခံပြည်သူရဲ့ သဘောတူညီမှုကို ဗဟိုချက်ထားပါ။ မြေရှားသတ္တုဟာ အင်အားကြီးနိုင်ငံ တနိုင်ငံထက်မက ရှိတဲ့အတွက် ညှိနှိုင်းအားကို ပေးပါတယ်။ ဒါပေမဲ့ ဘယ်မိတ်ဖက်ကမှ အဖွဲ့တွေကို အချင်းချင်း ခွဲမခြားနိုင်မှသာ အဲဒီညှိနှိုင်းအား ရှိမှာပါ။ စံနှုန်းတွေကတော့ ဒေသခံပြည်သူရဲ့ သဘောတူညီမှု၊ ဝင်ငွေကို တရားမျှတစွာ ခွဲဝေမှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်မှုနဲ့ ဒေသအဆင့်မှာ တာဝန်ခံမှုရှိတဲ့ အုပ်ချုပ်ရေး ဖြစ်သင့်ပါတယ်။

ဆဋ္ဌမ၊ အမေရိကန် ပါတီနှစ်ရပ်လုံးနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ပါ ဆက်ဆံပါ။ ကော်မတီဥက္ကဋ္ဌတွေက ဒီမိုကရက်တွေ ဖြစ်လာမယ်ဆိုပေမဲ့ ရေရှည်တည်တံ့တဲ့ ဥပဒေတခုအတွက် ရီပတ်ဘလစ်ကန်မဲတွေ လိုအပ်ပါတယ်။ ဒါ့အပြင် ဒီမဟာဗျူဟာက အာဆီယံနဲ့ ညှိနှိုင်းမယ်လို့ ကတိပြုထားတာကြောင့် စစ်ကောင်စီကို အာဆီယံရဲ့ အဆင့်မြင့်အစည်းအဝေးတွေကနေ ဆက်လက်ဖယ်ကြဉ်ထားဖို့ ဒေသတွင်းမိတ်ဖက်တွေကို တိုက်တွန်းရပါမယ်။ ဒါဟာ စစ်ကောင်စီကို တဖြည်းဖြည်း တိတ်တဆိတ် ပုံမှန်ဆက်ဆံလာမှုကို တားဆီးထားတဲ့ အရေးကြီးဆုံး အတားအဆီးတွေထဲက တခုပါ။

ဒီစာတမ်းက အမေရိကန်အစိုးရ ဘယ်ကို သွားချင်သလဲဆိုတာကို ပြပါတယ်။ ဘယ်လောက်အထိ၊ ဘယ်လောက်မြန်မြန်၊ ဘယ်လိုစည်းကမ်းချက်နဲ့ သွားမလဲဆိုတာကိုတော့ အမေရိကန်လွှတ်တော်၊ ပြည်သူ့အမြင်နဲ့ တော်လှန်ရေးရဲ့ စည်းလုံးညီညွတ်မှုက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဒါဟာ အားလျှော့စရာ အကြောင်းမဟုတ်ပါဘူး။ လက်တွေ့ အလုပ်လုပ်ဖို့ အကြောင်းပါ။

ဂျိမ်းစ်ရွှေ

(ဆောင်းပါးရှင် ဂျိမ်းစ်ရွှေသည် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့တွင် အခြေစိုက်သော အင်ဂျင်နီယာတဦး ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ ဖြစ်သည်။) 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013