
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လှန်ကြည့်လျှင် လွတ်လပ်ရေး တိုက်ပွဲများမှသည် စစ်ဘေးစစ်ဒဏ်များအထိ တိုင်းပြည်အတွက် အသက်၊ သွေးနှင့် ချွေး ပေးဆပ်ခဲ့ကြသည့် အသိုက်အဝန်းများစွာ ရှိခဲ့ပါသည်။ ထိုအထဲတွင် မြန်မာပြည်ဖွား ဂေါ်ရခါးတို့၏ ပါဝင်ဆက်နွှယ်မှုနှင့် စွမ်းဆောင်ခဲ့မှုများမှာလည်း မေ့ဖျောက်ထား၍ မရနိုင်သော သမိုင်းသက်သေများ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းစဉ်၌ "ဂေါ်ရခါး တပ်မတော်" ဟူ၍ တရားဝင် ရပ်တည် ပါဝင်ခဲ့ခြင်းဖြစ်၏။ သို့သော်လည်း လက်ရှိကာလ၌ "ငါတို့သည် တိုင်းပြည်အတွက် မည်မျှပင် ပေးဆပ်ခဲ့ပါစေဦးတော့၊ သမိုင်းမှတ်တမ်းများထဲတွင် တကယ်ပင် အမည်မဲ့ ပျောက်ကွယ်သွားရတော့မည်လော" ဆိုသည့် မေးခွန်းက ရင်ကို အေးစိမ့်သွားစေသည်။
ဘွားဘွား အမြဲပြောခဲ့ဖူးသည့် “နင်တို့ နိုင်ငံရေး ဘယ်လောက်ပဲ လုပ်လုပ်၊ အချိန်တန်ရင် နှင်ထုတ်ခံရမဲ့ လူတွေထဲ ပါနေတာ။ မြန်မာပြည်က ငါတို့ကို တကယ်ရော လက်ခံထားမှာတဲ့လား” ဆိုသည့် ခါးသီးလွန်းသော မေးခွန်းတခုသည် မင်းထက်၏ ရင်ထဲ၌ ငယ်စဉ်ကတည်းက အမြစ်တွယ် ကိန်းဝပ်လာခဲ့ရသည်။
အတိတ်သမိုင်းတလျှောက် နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးမှသည် လွတ်လပ်ရေးရပြီးနောက် တိုင်းပြည်တည်ဆောက်ရေးနှင့် ကာကွယ်ရေး ကဏ္ဍစုံတွင် ဂေါ်ရခါးအသိုက်အဝန်းမှ မိမိတို့ တတ်စွမ်းသမျှ တာဝန်ကျေစွာ ထမ်းဆောင်ခဲ့ကြသည်။ ထိုသို့ မွေးရပ်မြေအတွက် ပေးဆပ်ခဲ့ကြသော်လည်း တရားဝင် အသိအမှတ်ပြုခံရမှုနှင့် ပတ်သက်၍မူ ငါတို့အသိုက်အဝန်းအတွက် မည်သည့်အခါမှ ဖြောင့်ဖြူးသော လမ်းကြောင်း မဖြစ်ခဲ့ပေ။
အထူးသဖြင့် ကိုယ်ပိုင် အမျိုးသားရေး အမှတ်သညာ (Identity) ကို ထိန်းသိမ်းရသည့် ပွဲ၌ ကြီးမားသော စိန်ခေါ်မှုများနှင့် ရုန်းကန်ခဲ့ရသည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၄၈ နိုင်ငံသားဥပဒေများမှ စတင်ကာ အုပ်ချုပ်ရေးစနစ် အဆက်ဆက်၏ ခွဲခြားသတ်မှတ်မှုများကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေါ်တွင် မိမိတို့၏ အမည်မှန်ဖြစ်သည့် "ဂေါ်ရခါး" အစား "နီပေါ" ဟု ရောထွေးဖော်ပြခြင်းကို ခံခဲ့ကြရသည်။ စာပေ၊ ယဉ်ကျေးမှု သင်ကြားထိန်းသိမ်းခွင့် အကန့်အသတ်များအပြင် တရားဝင် မှတ်တမ်းများထဲမှ ချန်လှပ်ခံရမှုများက ငါတို့၏ ကိုယ်ပိုင် အမှတ်သညာနှင့် ဂုဏ်သိက္ခာကို တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားစေခဲ့သည်။
ယနေ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေး အကျပ်အတည်းများကြားတွင်မူ မြန်မာပြည်ဖွား ဂေါ်ရခါးတို့၏ ဘဝမှာ ပိုမိုကျဉ်းထဲကြပ်ထဲ ရောက်ရှိလာခဲ့ရသည်။
မင်းထက်တို့ တမျိုးလုံးသည် နိုင်ငံရေးကို ကြောက်ရွံ့ကြသော်လည်း မင်းထက်ကမူ ဒီနိုင်ငံ၏ အပြောင်းအလဲတွင် ဂေါ်ရခါးလူငယ်တဦးအနေဖြင့် စကစ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ စစ်တပ်၏ လူမဆန်လှသော စစ်ကြောရေးဆိုသည့် ငရဲခန်းထဲတွင်လည်း လပေါင်းများစွာ စိမ့်ဝင်ခံခဲ့ရဖူးသည်။ ထို့အပြင် ထောင်ဖောက်ဝရမ်းပြေးအဖြစ် မိသားစု၊ ဆွေမျိုးများ၏ အကြောက်တရားကြောင့် စွန့်ပစ်ခြင်းကိုပင် ခံခဲ့ရဖူးသည်။ ထိုသို့သော နာကျင်စရာ ဒဏ်ရာများ ရှိခဲ့သော်လည်း ယနေ့ထိတိုင် မင်းထက်သည် တော်လှန်ရေးတွင် ဆက်လက် ပါဝင်နေဆဲဖြစ်သည်။
တကယ်တော့ နိုင်ငံရေးဆိုသည်မှာ ဒီမြေဒီရေတွင် မှီတင်းနေထိုင်ကြသူ အားလုံးနှင့် သက်ဆိုင်ကြောင်း ခေတ်လူငယ်များနှင့် လူကြီးများကို မင်းထက် သိစေချင်လှသည်။ နိုင်ငံတခု မကောင်းပါက ပြည်သူများ မည်မျှအထိ ဒုက္ခပင်လယ်ဝေရကြောင်း၊ "ငါ နိုင်ငံရေး မလုပ်ဘူး၊ စိတ်မဝင်စားဘူး" ဆိုသည့် စကားမှာ တာဝန်မဲ့သူများသာ ပြောသင့်သည့် စကားဖြစ်ကြောင်း မင်းထက် လေးလေးနက်နက် ပြောချင်လှသည်။
ယနေ့တွင် ငါတို့သည် တဖက်၌ မတရား စစ်သားစုဆောင်းခံရမှုများ ရှိသကဲ့သို့၊ အခြားတဖက်တွင်လည်း ပဋိပက္ခဒေသ အသီးသီး၌ နှစ်ဖက်ညှပ် ဖိအားပေးခံရမှုများနှင့် ကြုံတွေ့နေရသည်။ ထိုမလုံခြုံမှုများနှင့် စီးပွားရေး အကျပ်အတည်းများကြောင့် မွေးရပ်မြေကို စွန့်ခွာကာ ပြည်ပသို့ ရွှေ့ပြောင်းသွားကြရသည့်အခါ မျိုးဆက်သစ်လူငယ်များအနေဖြင့် မိခင်ဘာသာစကားနှင့် ရိုးရာဓလေ့များမှ အဆက်ပြတ်သွားမည့် အန္တရာယ်က ပို၍ပင် ကြီးမားလာခဲ့သည်။ ဒီအမှန်တရားများကိုလည်း မင်းထက် မိဘများကို ရှင်းပြချင်မိသည်။
လက်ရှိအချိန်၌ ငါတို့ တောင်းဆိုနေသည်မှာ အခြားသော လူမျိုးများထက် ပိုမိုသော အခွင့်အရေးများ ရရှိရန် မဟုတ်ပါ။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်ကြသည့်အခါ -
နိုင်ငံသားဖြစ်ခွင့်ကို ဥပဒေနှင့်အညီ တန်းတူညီမျှ အာမခံချက်ပေးရန်၊
မိမိတို့၏ "ဂေါ်ရခါး" Identity ကို မှတ်တမ်းများတွင် တရားဝင် ဖော်ပြခွင့်ပေးရန်၊
နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ၌ အသံပါဝင်ခွင့်နှင့် ကိုယ်စားပြုခွင့် ပေးရန်၊
သမိုင်းဝင် ပေးဆပ်ခဲ့မှုများကို မှန်ကန်စွာ မှတ်တမ်းတင်ပေးရန်
စသည့် အခြေခံ အခွင့်အရေးများကိုသာ တန်းတူညီမျှ တောင်းဆိုခြင်း ဖြစ်သည်။
အနာဂတ် မြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာဆိုသည်မှာ အင်အားကြီးသူများကသာ စိုးမိုးထားခြင်းမဟုတ်ဘဲ လူနည်းစုများပါ မကျန် အကျုံးဝင်စေသည့် မူဝါဒများပေါ်တွင်သာ အခြေခံရမည် ဖြစ်သည်။ ထို့ကြောင့် ငါတို့ မြန်မာပြည်ဖွား ဂေါ်ရခါးများသည် သမိုင်းထဲတွင် ပျောက်ကွယ်သွားမည့်သူများ မဟုတ်ဘဲ၊ မိမိတို့၏ သမိုင်း၊ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာများကို တန်ဖိုးထားလျက် အနာဂတ် နိုင်ငံတော်ကို အားလုံးနှင့် တန်းတူညီမျှ အတူတကွ တည်ဆောက်သွားကြမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
သက်တန့်နွေဦး











