
ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်ရှိနေကြတဲ့ ဂေါ်ရခါးလူငယ်တွေနဲ့ မိတ်ဆွေတွေဟာ ဒီကနေ့မှာ စုပေါင်း သွေးလှူဒါန်း ခဲ့ကြပါတယ်။
ဂေါ်ရခါးလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Gurkha Football Club နဲ့ Gurkha Youth Talk အဖွဲ့နှစ်ခုက ဦးစီးပြီး ချင်းမိုင်မြို့မှာရှိတဲ့ Red Cross Blood Bank Donation Center မှာ စုပေါင်း သွေးလှူခဲ့ကြတာပါ။
Gurkha Youth Talk အဖွဲ့က မန်ဆန်က “လူတယောက်ရဲ့ သွေးက တအားအရေးကြီးတယ်။ သွေးတစက်က လူတယောက်ရဲ့ အသက်ကို ကယ်တင်နိုင်တယ်။ ဒါကြောင့်လည်း ကျနော်တို့ အမေစုကို ကယ်ဆယ်ချင်တဲ့ သဘောနဲ့ သွေးလှူခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
Gurkha Youth Talk အဖွဲ့ဟာ အမြဲစုပေါင်း သွေးလှူလေ့ရှိကြပြီး အခုလို လူထုခေါင်းဆောင်ရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်ချိန်မှာ လှူရတဲ့အတွက် ပိုဝမ်းသာပီတိဖြစ်ရတယ်လို့လည်း မန်ဆန်က ဆိုပါတယ်။
အခုလို လူထုခေါင်းဆောင်ရဲ့ မွေးနေ့အထိမ်းအမှတ် သွေးလှူပွဲမှာ ပထမဆုံး သွေးလှူဒါန်းခဲ့သူ ယဉ်မီကလည်း “ကိုယ့်ရဲ့ ပထမဆုံးအကြိမ်လည်းဖြစ်တယ်။ ပြီးတော့ သွေးလှူတာကလည်း ထူးခြား တဲ့နေ့မှာ သွေးလှူဖြစ်တယ်ဆိုတော့ အရမ်း အမှတ်တရဖြစ်နေတော့မှာပါ” လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် သွေးလှူပွဲမှာ ပါဝင်ခဲ့ကြသူတွေဟာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနဲ့ အမြန်ဆုံး ပြန်ဆုံ တွေ့ရပါစေ၊ ကျန်းမာနေကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းခဲ့ကြပါတယ်။










