DVB Logo
Home
Lead Story
ဘဝက နုနု၊ မုန်တိုင်းက ကြမ်းကြမ်း LGBTQ ဘ၀ဖြစ်တည်မှု
DVB
·
September 13, 2026
Design: DVB
Design: DVB
Donate to DVB

မိုးရွာနေသည့်ကြားမှ ထီးတချောင်းကို လက်ကကိုင်ကာ ဘာတွေရောင်းနေလဲဆိုသည့် လူတွေ၏ စိတ်ဝင်စားမှုအကြည့်များနှင့်အတူ သက်တန့်၏ အတွေးသည် အတိတ်ဆီသို့ ပြေးလွှားနေသည်။ ဆံပင်ရှည်ရှည်၊ ပိန်းပိန်းပါးပါး LGBTQ+ တယောက်၊ မြင်သာအောင်ပြောရလျှင် အမျိုးသမီးအဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသားတယောက် ဖြစ်သည်။

လှပဆန်းသစ်သည့် အရွယ်၏ အိပ်မက်များနှင့် မိန်းကလေးဆန်ဆန် ပျော်ရွှင်မှု သေးသေးလေးများဖြင့် ပုံဖော်ထားသည့် သူမ၏ဘဝသည် အမျိုးသားတယောက် ဖြစ်သော်လည်း မိန်းမသားတဦးလို နေထိုင်ချင်သူတယောက် ဖြစ်သည်။ ဒါကြောင့် သူမ နာမည်ကို သက်တန့်လိုသာ ခေါ်စေခဲ့သည်။ 

သက်တန့်၏ ကမ္ဘာလေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ ကမောက်ကမ စတင်ပြောင်းလဲခဲ့ရသည်။ သူမနေထိုင်သည့် တောင်ပေါ်ဒေသ မိုင်းရှူးမြို့လေးသည် တချိန်က လျှပ်စစ်မီးပင် ပုံမှန်မရခဲ့သလို ဖုန်းဆိုသည်ကိုလည်း POC ဖုန်းဆိုင်မှလွဲ၍ မမြင်ဖူးခဲ့ပေ။ ရတနာမြေဟု ဆိုသော်လည်း ခေတ်မီဖွံ့ဖြိုးလွန်းခဲ့သည်တော့ မဟုတ်။ မေမေကဆိုလျှင် ဝမ်ကန်မြေပြန့်ကလူတွေအခေါ် မိုင်းရှူးတောင်ပေါ်မှာ မွေးဖွားခဲ့သူတယောက်။ ဒါပေမဲ့ ခေတ်မီတိုးတက်မှု မရှိသည့် ဝမ်ကန်တောင်ပေါ်ဒေသမှ လာသည့် မေမေသည် သူမ၏ ဖြစ်တည်မှုကို လက်ခံခဲ့သည်။ သူမ စိတ်ကြိုက် နေထိုင်ခွင့်ပြုခဲ့သည်။

၂၀၁၅ ခုနှစ်မှစ၍ ပွင့်လင်းလာသည့် ဆယ်နှစ်တာ လွတ်လပ်ခွင့်နှင့်အတူ သူမတွင် အရသာရှိသော အစားအသောက်များ ချက်ပြုတ်ပြီး စားသောက်ဆိုင်လေးတဆိုင် ဖွင့်လှစ်ကာ ချစ်ရသူများကို ကျွေးမွေးပြုစုချင်သည့် ရိုးရှင်းသော ဘဝအိပ်မက်လေးတခု ရှိခဲ့သည်။

သို့သော် အာဏာသိမ်းလိုက်ချိန်တွင် သူမ အလွန်မနှစ်မြို့ခဲ့ပေ။ အာဏာသိမ်းခြင်းဆိုသည်ကို တိတိကျကျ မသိခဲ့သော်လည်း Facebook သုံးရန် VPN ခံရသည်ကိုပင် သူမ မနှစ်သက်ပါ။ မြို့ထဲတွင် လူများ ဆန္ဒပြကြသောအခါ ဘာကြောင့်ပြကြသည်၊ နိုင်ငံရေးဆိုသည်မှာ ဘာလဲဆိုသည်ကို မသိဘဲ သူငယ်ချင်းများခေါ်၍ လိုက်ပါခဲ့သည်။

ဆန္ဒပြလုံခြုံရေးနေရာတွင် ရဲများနေရာကို စစ်တပ်က နေရာဝင်ယူပြီး သေနတ်အစစ်ဖြင့် စတင်ပစ်ခတ်သည့်နေ့တွင် သူမ၏ ဘေးနားရှိ သူငယ်ချင်းဖြစ်သူ "ဖြူ" ၏ အသက် ပျောက်ကွယ်သွားခဲ့ရသည်။ ခံတပ်အတွက် သဲအိတ်များ စီစဉ်ရင်း သေနတ်သံကြောင့် ခေါင်းငုံ့လိုက်ချိန် ဘေးမှသူငယ်ချင်းကို "ဖြူ... ထိမယ်နော် သတိထား" ဟု လှမ်းပြောလိုက်သော်လည်း ဖြူသည် သဲအိတ်ကို ကိုင်လျက် အသက်မဲ့သွားခဲ့ပြီဖြစ်သည်။ အသက်မဲ့သူငယ်ချင်းကို ရင်ခွင်တွင်ပိုက်ရင်း သက်တန့်တယောက် မျက်ရည်များ ကျလာပေမဲ့ ဘာမှမတတ်နိုင်ခဲ့။ မိမိတို့တွင် သေနတ်အစစ်ဖြင့် ပစ်ခတ်ခံရလောက်အောင် အပြစ်မည်မျှရှိသနည်းဟု သူမ မတွေးတတ်ခဲ့ပေ။

အစကတည်းက ဘွားဘွားတို့က ဗမာနှင့် စစ်တပ်ဆိုလျှင် အဘယ်ကြောင့် အလွန်မုန်းကြသည်ကို သက်တန့် မသိခဲ့ပါ။ ယခုမူ သက်တန့် သိသွားခဲ့ပြီ ဖြစ်သည်။ ဒါသည် လုံးဝမတရားပါဆိုသည်ကိုပင်။ တကယ်တော့ စစ်တပ်တွင် ဗမာတမျိုးတည်းတော့ မဟုတ်ပါ။ သို့သော် ဗမာစကားကို အဓိကပြောကြသည်၊ ဗမာလူမျိုး အများဆုံးဖြစ်နေခြင်းကြောင့် စစ်တပ်နှင့် ဗမာလူမျိုးကို တွဲစပ်ကာ မုန်းကြခြင်းဖြစ်ပါလိမ့်မည်။ စစ်သားတိုင်းကို သက်တန့် မမုန်းခဲ့ပါ။ ဒါပေမဲ့ ဒီနေ့ သေနတ်နှင့်ပစ်သည့် စစ်သားကိုတော့ သက်တန့် မုန်းသည်။

ထိုနေ့တွင် စစ်အာဏာရှင်စနစ်၏ အမှောင်ထုအောက်၌ သူမ၏ နှလုံးသားသည် ထိရှကျိုးပဲ့သွားခဲ့ရသည်။ မိမိ၏ ဖြစ်တည်မှုအရရော ယုံကြည်ချက်အရပါ တဖက်သတ် ဖိနှိပ်ခံရမှုများကို မတရားဟု ပွင့်လင်းစွာ စတင်ထုတ်ဖော်ပြောဆိုခဲ့ရာ LGBTQ+ လူငယ်တယောက်ဖြစ်သည့် သူမ၏ ဘဝထဲသို့ နိုင်ငံရေးမုန်တိုင်းသည် အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာခဲ့သည်။

ဆန္ဒပြမှုကြောင့် သူမသည် ပုဒ်မ ၅၀၅(က)၊ ၅၂(က)၊ ၅၀(ည) တို့ဖြင့် ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ စစ်ကြောရေးတွင် ၁ လကြာ လိင်ပိုင်းဆိုင်ရာ၊ နှုတ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စော်ကားခံရမှုများနှင့် ခန္ဓာကိုယ်တခုလုံး ရိုက်နှက်ခံရမှုများကို ကြုံတွေ့ခဲ့ရသည်။

ထမင်းကို စစ်ဖိနပ်ထဲထည့်ကျွေးခံရသည့် ရက်များ... 

သူမသည် ထမင်းကို စစ်ဖိနပ်တွင် စားရမည်ဟု မထင်ခဲ့ဖူးပါ။ စစ်ဆေးသည့်အချိန်တွင်လည်း ခြောက်နေလျှင် --ချမည်ဆိုသည့် သူတို့၏ ကြမ်းတမ်းသည့် စကားလုံးများ၊ နုနယ်သည့် ခန္ဓာကိုယ်ကို ၂ နာရီခြားတခါ လာရိုက်ခံရသည့် နေ့များ၊ ပြီးတော့ အိမ်သာသွားချိန်တောင် လေးဘက်ထောက် သွားရပြီး ခေါင်းမော့ကြည့်လျှင် ပါးကို ဘယ်ပြန်ညာပြန် ရိုက်ခံရသည်များ၊ ညရောက်လျှင် မူးရူးဝင်လာသည့် လူတစုကို သူမ သိပ်ကြောက်ပါသည်။ အမျိုးသမီးများ၊ အမျိုးသားများထက် သူမတို့မှာ နှစ်ထပ်ကွင်း ဖိနှိပ်ခံရပါသည်။ ဥပဒေအရ ကာကွယ်ပေးမည့် ဥပဒေမရှိသည့်အပြင် LGBTQ+ အတွက် အသံထွက်ပေးနေသည့် အဖွဲ့အစည်းမှာ မြန်မာပြည်တွင် အရမ်းနည်းပါးနေပါသေးသည်။

ထို့နောက် လားရှိုးအကျဉ်းထောင်သို့ ရောက်ရှိသွားချိန်တွင်လည်း လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည်ဟု ဆိုသည့် ဘဝတူ နိုင်ငံရေးအကျဉ်းသားအချို့၏ ခွဲခြားဆက်ဆံမှုနှင့် လှောင်ပြောင်စော်ကားမှုများကိုပင် ရင်ဆိုင်ခဲ့ရသဖြင့် အံ့ဩတုန်လှုပ်ခဲ့ရသည်။ ဘဝတူ နိုင်ကျဉ်းချင်း စကားပြောမိပြီဆိုသည်နှင့် လင်တရူးသည့်လူအဖြစ် ပုံဖော်ခံရခြင်း၊ ဟိုမရောက်ဒီမရောက်ဆိုပြီး လူရာမသွင်းချင်ကြခြင်း၊ ၎င်းတို့၏ စိတ်ဆန္ဒ အသာပြေပျောက်မှုတခုအဖြစ် ပြက်ရယ်ပြုခံရခြင်းများဖြင့် နေ့စဉ် ထောင်ထဲတွင် ဖြတ်သန်းခဲ့ရသည်။ တခါတလေ အကျဉ်းထောင်ထဲတွင် သတ်သေရန်အထိ အကြိမ်ကြိမ် သူမ ကြိုးစားခဲ့ဖူးသည်။ မိသားစုမျက်နှာကို ပြန်မြင်ချိန်ကို တွေးရင်း သူမ သေဆုံးဖို့ လက်လျှော့ခဲ့တာဆိုလျှင် မမှားပါ။ အပြင်ပြန်ရောက်လျှင် သူမ မေမေ့ကို သူမ တွေ့ချင်သေးသည်။

ထိုသို့ စိတ်ကို ဘဝတူများက အနိုင်ကျင့်၊ ရုပ်ကိုတော့ အကျဉ်းဦးစီးက ရက်စက်စွာ နှိပ်စက်သည့် သံတိုင်များနောက်မှ ရက်စက်လှသော နေ့ရက်များကို မိသားစုထံ အေးချမ်းစွာ ပြန်ရမည်ဆိုသည့် မျှော်လင့်ချက်တခုတည်းဖြင့် ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့သည်။

သို့သော် ရာသီစက်ဝန်း အလီလီပြောင်း၍ ထောင်တံခါး ပွင့်လာချိန်တွင်မူ သူမကို စောင့်ကြိုနေသည်မှာ တိတ်ဆိတ်နေသည့် မွေးရပ်မြေအိမ်လေးနှင့် သတင်းအစအန မရတော့သည့် မိသားစုသာ ဖြစ်သည်။ စစ်ပွဲများနှင့် အိုးအိမ်စွန့်ခွာ ပြေးလွှားရမှုများကြားတွင် သူမ၏ အမှီအခို မိသားစုသည် မရှိတော့ဘဲ ပြန်စရာအိမ်မဲ့ကာ တကောင်ကြွက် ဖြစ်ကျန်ခဲ့ရသည်။

ထောင်ထွက်တယောက်အဖြစ် လူ့အသိုက်အဝန်း၏ ပစ်ပယ်မှု၊ LGBTQ+ တယောက်အဖြစ် ခွဲခြားဆက်ဆံခံရမှုနှင့် မိသားစုမရှိတော့သည့် အထီးကျန်မှုတို့သည် သူမ၏ ပခုံးသေးသေးလေးပေါ်တွင် တောင်တလုံးစာလောက် လေးလံလွန်းလှသည်။ "ဘဝက နုနု၊ မုန်းတိုင်းက ကြမ်းကြမ်း" ဆိုသလို နုနယ်သည့် ဖြစ်တည်မှုကို ရက်စက်သည့် ရိုက်ခတ်မှုများက အကြိမ်ကြိမ် ဒဏ်ရာပေးခဲ့သည်။

သို့သော် ထောင်ထွက် ဝရမ်းပြေး ဘဝဆိုသည်ကို စိတ်ဓာတ်ကျမနေခဲ့ပေ။ အရာအားလုံး ဆုံးရှုံးခဲ့ရသော်လည်း သူမတွင် မဆုတ်မနစ်သည့် ရဲရင့်မှုနှင့် မိမိဖြစ်တည်မှုအပေါ် သစ္စာရှိသည့် စိတ်ဓာတ်တို့ ကျန်ရှိနေဆဲဖြစ်သည်။

ယခုအခါ ရှမ်းမြောက်တနေရာတွင် သူမ၏ လက်ချောင်းနုနုလေးများဖြင့် သူမတတ်သည့် လက်လုပ်မုန့်လေးများကို လမ်းဘေး၌ ထီးတချောင်းနှင့် ရောင်းချရင်း၊ စစ်ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့ရသည့် တိုင်းရင်းသားဒေသမှ အိုးမဲ့အိမ်မဲ့ မိသားစု၊ မပြည့်စုံသည့် ဘဝတူ ဒုက္ခရောက်နေသည့် ကလေးငယ်များကို စာသင်ပေးရင်း ဘဝကို ရဲရင့်စွာ ရှေ့ဆက်နေသည်။ သူမ ရှမ်းမြောက်ကို ရောက်သည့်နေ့ မိုးသည်းထဲတွင် စားပွဲခုံလေးချကာ ဈေးရောင်းနေသည့် သူမကို ငေးစိုက်ကြည့်သွားသူများ၏ အကြည့်ကို ခံရင်း မိုးပက်ချိန် ချမ်းတုန်နေသည့် ခန္ဓာကိုယ်လေးကို ထိန်းကာ သူမ ကြံ့ကြံ့ခံ နေထိုင်ခဲ့ပါသည်။ ပညာရေးအရ နိမ့်ပါးလွန်းသည့် ကလေးများကို သူမ ပညာသင်ကြားပေးရင်း "ပညာမတတ်လျှင် အဖိနှိပ်ခံရမည့် ဘဝများ" ထဲမှ ဒီမျိုးဆက်ကို လွတ်စေချင်တာ သူမဆန္ဒပါ။ သူမ မရတော့သည့် နွေးထွေးမှုကို ပေးရင်း "သူမ ဘာရခဲ့လဲ" ဆိုသည့် အတွေးထက် "သူမ ဘာလုပ်ပေးနိုင်မလဲ" ဆိုသည့် အတွေးဖြင့် နေ့စဉ် သူမ ရှင်သန်လာနိုင်ခဲ့သည်။

ဒီဆောင်းပါးသည် ဝမ်းနည်းစရာ သာမန်ဇာတ်လမ်းတပုဒ် မဟုတ်ပါ။ မုန်တိုင်းအထပ်ထပ်ကြား၊ ပြာပုံထဲမှ ရုန်းထ၍ မိမိခြေထောက်ပေါ် မိမိ ပြန်လည်မတ်တပ်ရပ်နေသည့် ခံနိုင်ရည်အပြည့်ရှိသော ကြံ့ခိုင်သူ LGBTQ+ ရဲဘော်တဦး၏ အားမာန်ပါသည့် မှတ်တမ်းတခုပင် ဖြစ်ပါသည်။ ဘယ်လောက် ပျော့ညံ့သည့် LGBTQ ဖြစ်ပါစေ သူမတို့သည် စစ်အာဏာရှင်ကို တော်လှန်သည့်နေရာတွင် အမျိုးသားစစ်၊ အမျိုးသမီးစစ်များထက် မလျော့သည့် သတ္တိများနှင့် ရှိခဲ့ကြသည်ဆိုသည်လေးကို သိလျှင်ကို သူမ ကျေနပ်ပါပြီ။

"တော်လှန်ရေးနှင့် အနာဂတ် လူ့အသိုက်အဝန်းသစ်တွင် သူမတို့ကဲ့သို့သော လူနည်းစုများ၏ သတ္တိနှင့် ဖြစ်တည်မှုကို ကျွန်ုပ်တို့ မည်သို့ နေရာပေးကြမည်နည်း" ဆိုတာကိုတော့ နောက်မျိုးဆက်များကသာ ဖြေနိုင်ပါလိမ့်မည်။

သက်တန့်နွေဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013