စပိန်နိုင်ငံ၊ လာ့စ်ပါးလ်မားစ် ဂရန်းကနေရီယာမြို့က ဘုရားကျောင်းရှေ့မှာ ဇူလိုင် ၂၆ ရက်က ကိုယ်လုံးတီး ဆေးရောင်ခြယ်ထားသူ ဒါဇင်နဲ့ချီပြီး အမေရိကန် ဓာတ်ပုံဆရာ စပန်ဆာကျူးနစ်ရဲ့ "Gran Spectrum" ဆိုတဲ့ အနုပညာပရောဂျက်မှာ ပါဝင်ခဲ့ကြပါတယ်။
ပါဝင်သူတွေဟာ LGBTQIA+ အလံရဲ့ အရောင်တွေအတိုင်း သူတို့ကိုယ်ပေါ်မှာ ဆေးရောင်တွေ ခြယ်သထားကြပြီးနောက် သူတို့ ခြယ်သထားတဲ့ အရောင်တွေအလိုက် တန်းစီကာ ရပ်ခဲ့ကြပါတယ်။
ကျူးနစ်ရဲ့ ဒီပရောဂျက်ဟာ လူ့ခန္ဓာကိုယ်၊ အရောင်အသွေးနဲ့ လူမြင်ကွင်းတွေကို ပေါင်းစပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပွင့်လင်းမြင်သာမှု၊ ကွဲပြားစုံလင်မှုနဲ့ အတူတကွရှိနေမှုဆိုတဲ့ စုပေါင်းပုံရိပ်တခုကို ဖန်တီးချင်တာလို့ ပရောဂျက် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
“ကျနော်အားလုံးဟာ ဒီလိုရောင်စုံရောင်စဉ်တန်းကြီးရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်” လို့ ကျူးနစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကျူးနစ်က “ပြခန်းနံရံတွေမှာ ချိတ်ဆွဲထားတဲ့ အနုပညာလက်ရာတွေကို ကြည့်ရတာမျိုး မဟုတ်ဘဲ သာမန်လူတွေနဲ့ လက်တွဲဖန်တီးရတာဖြစ်လို့ ပါဝင်သူတိုင်းဟာ အနုပညာရှင်တွေ ဖြစ်လာပါတယ်” လို့ ပြောပါတယ်။
ဒီပရောဂျက်မှာ ပါဝင်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတွေဟာ အဲဒီနေ့က ကျူးနစ် ရိုက်ကူးခဲ့တဲ့ အထူးထုတ် ဓာတ်ပုံတပုံစီကို ရရှိကြမှာ ဖြစ်ပါတယ်။
Source: Reuters










