
မလေးရှား အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီဟာ ဒေါ်လာဘီလီယံနဲ့ချီတဲ့ 1MDB အရှုပ်တော်ပုံ ရန်ပုံငွေတွေနဲ့ ဝယ်ယူထားတဲ့ တန်ဖိုးကြီး အနုပညာလက်ရာတွေကို နောက်ထပ် ပြန်သိမ်းဆည်းသွားမယ်လို့ မေ ၆ ရက်မှာ ကတိပြုလိုက်ပြီး မကြာခင်ကမှ ပြန်လည်ရရှိထားတဲ့ အနုပညာလက်ရာ ၄ ခု ကိုလည်း ဌာနချုပ်မှာ ပြသခဲ့ပါတယ်။
မလေးရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ဟာ ပြီးခဲ့တဲ့လက ကမ္ဘာကျော် စပိန်ပန်းချီပညာရှင် ပါဘလိုပီကာဆိုရဲ့ ၁၉၆၁ ခုနှစ် လက်ရာ ပန်းချီကား အပါအဝင် အနုပညာပစ္စည်း ၄ ခုကို နိုင်ငံအတွင်း ပြန်လည်သယ်ယူနိုင်ခဲ့ပါတယ်။
ဒါဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း 1MDB (နံပါတ် ၁ မလေးရှား ဖွံ့ဖြိုးတိုးတက်ရေး လိမိတက်) နိုင်ငံပိုင်ရန်ပုံငွေထဲကနေ ကမ္ဘာအနှံ့ နည်းလမ်းမျိုးစုံနဲ့ ခိုးထုတ်သွားတဲ့ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံကျော်ကို ပြန်လည်ရယူဖို့ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
MACC အကြီးအကဲ အာဇမ် ဘာကီက “လက်ရှိ ရရှိထားတဲ့ အချက်အလက်တွေအရ 1MDB ရန်ပုံငွေထဲကနေ အလွဲသုံးစားလုပ်ခံရတဲ့ စုစုပေါင်း ပမာဏဟာ မလေးရှားရင်းဂစ် ၄၂ ဘီလီယံ ရှိပါတယ်။ ၂၀၂၅ ခုနှစ် အထိ အဲဒီအထဲက ၃၁ ဒသမ၃ ဘီလီယံ (၇၄ ဒသမ ၅ ရာခိုင်နှုန်း) ကို အောင်အောင်မြင်မြင် ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
1MDB နဲ့ ဆက်နွှယ်နေတဲ့ အနုပညာလက်ရာ စုစုပေါင်း ၁၂ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး လက်ရှိမှာ အနုပညာလက်ရာ ၄ ခုကို ပြန်ရထားပြီဖြစ်သလို ကျန်ရှိနေတဲ့ ၈ ခုကလည်း နိုင်ငံတကာ ဥပဒေရေးရာ အကူအညီတောင်းခံမှုတွေနဲ့ တခြားလုပ်ငန်းစဉ် အဆင့်ဆင့်မှာ ရောက်နေပြီး ဒီနှစ်ကုန်ပိုင်းမှာ အားလုံးပြန်ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒါ့အပြင် အဲဒီအနုပညာလက်ရာတွေဟာ ငွေကြေးတန်ဖိုး ရှိရုံတင်မကဘဲ နိုင်ငံရဲ့ အကြီးမားဆုံး ခြစားမှုကြီးရဲ့ သမိုင်းဝင် အမှတ်အသားတွေဖြစ်ပြီး နောင်မျိုးဆက်တွေအတွက် သင်ခန်းစာ ဖြစ်စေပါလိမ့်မယ်လို့လည်း ဆိုပါတယ်။
ပြန်ရရှိထားတဲ့ အနုပညာလက်ရာ ၄ ခုကို လက်ရှိ ကော်မရှင်ဌာနချုပ်မှာ ခေတ္တထိန်းသိမ်းထားပြီး စနစ်တကျ ထိန်းသိမ်းနိုင်ဖို့နဲ့ အပူချိန် ထိန်းညှိထားနိုင်ဖို့အတွက် မလေးရှားအမျိုးသား အနုပညာပြခန်းက ကူညီဆောင်ရွက်ပေးနေ ပါတယ်။
MACC အနေနဲ့ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အလွဲသုံးစားလုပ်ခံထားရတဲ့ ပိုင်ဆိုင်မှုတိုင်းကို အပြည့်အဝ ပြန်လည်ဖော်ထုတ် သိမ်းဆည်းသွားမယ်လို့ MACC အကြီးအကဲ အာဇမ်ဘာက ပြောပါတယ်။
Source: Reuters










