
ငှက်ပျောသီး တိပ်ကပ်အနုပညာကို ဖန်တီးခဲ့သူ မော်ရီဇီယို ကက်တာလန်ရဲ့ “အမေရိက” လို့ နာမည်ပေးထားတဲ့ ၁၈ ကာရက် ရွှေအိမ်သာဟာ ဝန်ဆောင်ခအပါအဝင် ဒေါ်လာ ၁၂ ဒသမ ၁ သန်းနဲ့ လေလံအောင်သွားပါတယ်။
လေလံကြမ်းခင်းစျေးဟာ လက်ရာရဲ့ ရွှေအလေးချိန် ၁၀၁ ဒသမ ၂ ကီလိုဂရမ်ရဲ့ တန်ဖိုး၊ ဒေါ်လာ ၁၀ သန်းကို အခြေခံထားခဲ့တာ ဖြစ်ပါတယ်။
Sotheby's လေလံရဲ့ အဆိုအရ၊ ဒီလို ကုန်ကြမ်းတန်ဖိုးနဲ့ ကြမ်းခင်းစျေးကို တိုက်ရိုက် ချိတ်ဆက်ထားတာဟာ ကုန်ပစ္စည်းတန်ဖိုးနဲ့ အနုပညာတန်ဖိုးအကြား ခြားနားချက်ကို မေးခွန်းထုတ်တဲ့ ကက်တာလန်ရဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်နေတယ်လို့ ဆိုပါတယ်။
“အမေရိက” ရွှေအိမ်သာဟာ အမှန်တကယ် အသုံးပြုလို့ရပြီး ကြွယ်ဝမှုအပေါ် သရော်လှောင်ပြောင်ထားတဲ့လက်ရာ ဖြစ်ပါတယ်။
ဒီလက်ရာကို ၂၀၁၆-၂၀၁၇ အတွင်းမှာ နယူးယောက်ခ်မြို့က ဂူဂန်ဟိုင်းမ်ပြတိုက်မှာ စတင်ပြသခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံ ဘလန်နန် နန်းတော်ကနေ အခိုးခံခဲ့ရလို့ နာမည်ကြီးခဲ့ပါတယ်။
အခိုးခံရတဲ့ မူရင်းလက်ရာကို အရည်ကြိုရောင်းချခဲ့တယ်လို့ ယူဆရပြီး အခုလေလံတင်မယ့်ဟာက နောက်ဆုံးကျန်ရှိနေတဲ့ မူရင်းပွား ဖြစ်ပါတယ်။
ဒီရွှေအိမ်သာကို နိုဝင်ဘာ ၈ ရက်ကတည်းက အများပြည်သူ ကြည့်ရှုခွင့် ပေးထားပေမဲ့ အသုံးပြုခွင့်နဲ့ ရေဆွဲချခွင့်တော့ မပြုထားပါဘူး။
ကက်တာလန်ရဲ့ နာမည်ကြီး ငှက်ပျောသီးတိပ်ကပ်လက်ရာ “Comedian” ဟာ ၂၀၂၄ ခုနှစ်တုန်းက ဒေါ်လာ ၆ ဒသမ ၂ သန်းနဲ့ ရောင်းချခဲ့ရပါတယ်။
တိပ်ကပ်ထားတဲ့ ငှက်ပျောသီးကိုပဲ ရောင်းတာမဟုတ်ဘဲ မူရင်းလက်ရာ အစစ်အမှန်ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်၊ ငှက်ပျောသီး ပုပ်သွားတဲ့အခါ ဘယ်လို တပ်ဆင်၊ အစားထိုးရမယ် ဆိုတဲ့ အသေးစိတ် လမ်းညွှန်ချက်တွေကိုပါ ထည့်သွင်းရောင်းချခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











