
တရုတ်နွယ်ဖွား ခရစ်ပ်တိုငွေကြေးလုပ်ငန်းရှင် ဂျပ်စတင်စွန်း (ခ) စွန်းယုချန် ဟာ လွန်ခဲ့တဲ့အပတ်က သူ ဝယ်ယူခဲ့တဲ့ အမေရိကန် ဒေါ်လာ ၆ ဒသမ ၂ သန်းတန် အနုပညာလက်ရာထဲက ငှက်ပျောသီးကို စားပစ်မယ်လို့ ပေးထားတဲ့ကတိအတိုင်း လက်တွေ့ လုပ်ဆောင်လိုက်ပါပြီ။
ဒီလိုစားလိုက်ပေမဲ့ ဒေါ်လာ ၆ သန်း ဆုံးသွားတာမဟုတ်ပါဘူး။ ပြပွဲလုပ်တိုင်း ငှက်ပျောသီးကို အသစ်လဲလှယ်ရပြီး၊ ငှက်ပျောသီးလဲလှယ်နည်း လမ်းညွှန်နဲ့အတူ အနုပညာလက်ရာကို ခင်းကျင်းပြသခွင့်ကိုပါ ရတာဖြစ်တဲ့အတွက် စားလိုက်လို့ နစ်နာမသွားပါဘူး။
ဂျပ်စတင်စွန်းဟာ အီတလီအနုပညာရှင် မော်ရီဇီယို ခက်တီလန်ရဲ့ ၂၀၁၉ ခုနှစ်က ထင်ရှားခဲ့တဲ့ ‘Comedian’ လို့ နာမည်ပေးထားတဲ့ နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး အနုပညာလက်ရာကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
နယူးယောက်မြို့က ဆာ့သ်ဘီးစ်လေလံမှာ သူဟာ အပြိုင်လေလံဆွဲသူ ၆ ဦးကို အနိုင်ယူပြီး ဝယ်ယူနိုင်ခဲ့အပြီးမှာ ခုလို စားပြခဲ့တာဖြစ်ပါတယ်။
ဟောင်ကောင်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူဟာ အဲဒီငှက်ပျောသီးကို စားသုံးခဲ့ပြီး ဒီအနုပညာလက်ရာနဲ့ ခရစ်တိုငွေကြေးကြား တူညီချက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“တခြားငှက်ပျောသီးတွေထက် အများကြီး ပိုကောင်းတယ်”လို့လည်း သူက ပြောပါတယ်။ ဒီငှက်ပျောသီးကို အရင်က ၂ ကြိမ်စားဖူးပါတယ်။ ပထမတခါက ၂၀၁၉ မှာ ပါဖောမင့် အနုပညာရှင်တယောက်က စားခဲ့ပြီး၊ ဒုတိယတခေါက်က ၂၀၂၃ မှာ တောင်ကိုရီးယား ကျောင်းသားတယောက်က စားခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ ၂ ယောက်စလုံးက ပိုက်ဆံပေးပြီး စားခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့အပတ်က လေလံပွဲနေ့မှာ ငှက်ပျောသီးတလုံးကို ၃၅ ဆင့်နဲ့ဝယ်ခဲ့ပြီး တိပ်ကပ်လေလံတင်ခဲ့တာ ဖြစ်တယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။
ဒါကြောင့် ကမ္ဘာ့အဖိုးအတန်ဆုံး အသီးတွေထဲက တလုံးဖြစ်လာခဲ့ပါတယ်။ လေလံပွဲ တက်ရောက်သူတိုင်းကို အမှတ်တရအနေနဲ့ ငှက်ပျောသီးတလုံးစီနဲ့ တိပ်တလိပ်စီ ပေးခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဂျပ်စတင်စွန်းဟာ အသုံးပြုသူတွေ ခရစ်တိုငွေကြေး ရောင်းဝယ်နိုင်တဲ့ Tron blockchain ကွန်ရက်ကို လည်ပတ်နေသူ ဖြစ်ပါတယ်။
သူဟာ ဒီအနုပညာလက်ရာကို NFTs တွေနဲ့ နှိုင်းယှဉ်ခဲ့ပြီး၊ မကြာသေးခင်က အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ် ထောက်ခံထားတဲ့ ခရစ်တိုစီမံကိန်းတခုမှာ ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံထားပါတယ်။
Source-Reuters











