
အွန်လိုင်း လိမ်လည်မှု (Online Scam) ဆိုတာ အင်တာနက်၊ အီးမေးလ်၊ လူမှုကွန်ရက် ဒါမှမဟုတ် ဖုန်းအက်ပ်ပလီကေးရှင်းတွေကို အသုံးပြုပြီး တခြားသူတွေရဲ့ ငွေကြေး၊ ကိုယ်ရေးအချက်အလက် ဒါမှမဟုတ် လျှို့ဝှက်အချက်အလက်တွေကို လိမ်ညာ လှည့်ဖြားရယူတဲ့ မသမာတဲ့ လုပ်ရပ်တွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။
အွန်လိုင်းလိမ်လည်မှုဟာ ဒီနေ့ခေတ်မှာ နည်းပညာမကျွမ်းကျင်သူတွေကိုပဲ ပစ်မှတ်ထားတဲ့ ရိုးရိုးလိမ်လည်မှုတခုသာ မဟုတ်တော့ပါဘူး။ လူတွေရဲ့ ယုံကြည်မှု၊ လောဘ၊ ကြောက်ရွံ့မှု၊ ချစ်ခြင်းမေတ္တာနဲ့ အရေးတကြီးဆုံးဖြတ်တတ်တဲ့ စိတ်ခံစားချက်တွေကို အသုံးချပြီး ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ ရယူနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတခု ဖြစ်လာပါပြီ။
ကမ္ဘာတဝန်း ဘယ်လောက်ဆိုးရွားနေပြီလဲ
Global Anti-Scam Alliance (GASA) ရဲ့ ၂၀၂၅ ခုနှစ် လေ့လာမှုမှာ နိုင်ငံနဲ့ဈေးကွက် ၄၂ ခုက လူပေါင်း ၄၆,၀၀၀ ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲဒီအထဲမှာ ၂၃ ရာခိုင်နှုန်းက ပြီးခဲ့တဲ့ ၁၂ လအတွင်း လိမ်လည်မှု Scam ကြောင့် ငွေဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်း Scam ကြောင့် ဆုံးရှုံးရတဲ့ငွေဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၄၂ ဘီလီယံခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီပမာဏဟာ လူတဦးချင်းရဲ့ ငွေဆုံးရှုံးမှုလေးတွေ စုပေါင်းထားတာမျှ မဟုတ်ပါဘူး။ မိသားစု စုဆောင်းငွေ၊ အငြိမ်းစားငွေ၊ စီးပွားရေးအရင်းအနှီးနဲ့ တချို့သူတွေရဲ့ ဘဝတလျှောက် စုဆောင်းထားတဲ့ငွေတွေပါ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံနဲ့ အွန်လိုင်းလိမ်လည်မှု အန္တရာယ်
မြန်မာပြည်သူတွေကိုလည်း Scam က ပစ်မှတ်ထားနေပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Online Scam လို့ ပြောတဲ့အခါ နယ်စပ်ဒေသတွေမှာရှိတဲ့ Scam Centre / Scam Compound ကျားဖြန့်ဂိုဏ်းတွေကိုပဲ အာရုံစိုက်မိတတ်ပါတယ်။
မှန်ပါတယ်၊ မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်းကလူတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့ အွန်လိုင်းကနေ ငွေလိမ်နေတဲ့ ကျားဖြန့်လို့ လူသိများတဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ ဗဟိုချက်မအဖြစ် ကမ္ဘာမှာ ထင်ပေါ် ကျော်ကြား လူသိများပါတယ်။
အထူးသဖြင့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ နာမည်ကြီး တရုတ် သရုပ်ဆောင်မင်းသား ဝန်ဇင်းဟာ ထိုင်းနိုင်ငံမှာ ရုပ်ရှင်လာရောက်ရိုက်ကူးပေးဖို့နဲ့ ဖျော်ဖြေတင်ဆက်ပေးဖို့ ရောက်လာခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်သွားခဲ့ကာ မြန်မာဘက်ခြမ်း မြဝတီမြို့နယ်မှာရှိတဲ့ ကျားဖြန့် အွန်လိုင်းရာဇဝတ်ဂိုဏ်းတခုမှာ လူကုန်ကူးခံတဲ့သတင်းကြောင့် မြန်မာနိုင်ငံဟာ Online Scams နဲ့ ပတ်သက်ပြီး ပိုလို့ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာတော့ နိုင်ငံတကာဖိအားနဲ့ အရေးယူဆောင်ရွက်မှုတွေကြောင့် KK Park နဲ့ ရွှေကုက္ကို စတဲ့နေရာတွေမှာ အခြေစိုက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းသားတွေနဲ့ လူကုန်ကူးခံရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက သောင်းနဲ့ချီတဲ့ လူတွေကို ထိုင်းနယ်စပ်ကတဆင့် သက်ဆိုင်ရာ နိုင်ငံတွေကို ပြန်ပို့တာ၊ ကျားဖြန့် အဆောက်အအုံတွေကို ဗုံးခွဲဖျက်ဆီးပြခဲ့တာတွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာပြည်ဘက်မှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကတော့ ပျောက်မသွားသေးဘဲ နေရာပြောင်းပြီး ပုံစံတမျိုးနဲ့ ဆက်လက်လည်ပတ်နေကြသလို ထိုင်းနယ်စပ်နဲ့ တရုတ်နယ်စပ် မြို့တွေအပြင် ရန်ကုန်၊ မန္တလေးမြို့တွေမှာပါ ဆက်လက်လုပ်ကိုင်နေကြတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီနေရာမှာ သတိထားရမဲ့ နောက်ထပ်အရေးကြီးတဲ့ အချက်တခု ရှိပါတယ်။ အဲဒါကတော့ မြန်မာပြည်သူတွေ ကိုယ်တိုင်လည်း Online Scam တွေရဲ့ သားကောင် ဖြစ်နေကြတယ် ဆိုတာပါ။
၂၀၂၅ ခုနှစ်က ထုတ်ဝေခဲ့တဲ့ Digital Swindles: Understanding and Combatting Online Scams in Myanmar သုတေသနမှာ မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ ချေးငွေအတု၊ ရင်းနှီးမြှုပ်နှံမှုအတု၊ Phishing Message နဲ့ တခြား Online Scam ပုံစံတွေကို ဖော်ထုတ်ထားပါတယ်။
လူလိမ်တွေဟာ ဘဏ်ဝန်ထမ်း၊ မိတ်ဆွေ၊ အလုပ်ရှင် စတဲ့ ယုံကြည်ရတဲ့သူတွေအဖြစ် ဟန်ဆောင်ပြီး လူတွေရဲ့ ယုံကြည်မှုနဲ့ အရေးတကြီးဖြစ်နေတဲ့ အခြေအနေတွေကို အသုံးချကာ ငွေလွှဲခိုင်းတာ၊ ကိုယ်ရေးအချက်အလက် ရယူတာတွေ ပြုလုပ်နေကြပါတယ်။
“ငွေမြန်မြန်ရမယ်” ဆိုတဲ့ စကားကို သတိထားပါ
“အိမ်မှာနေရင်း ဝင်ငွေရမယ်”
“ရင်းနှီးမြှုပ်နှံလိုက်ရင် အမြတ်အများကြီးရမယ်”
“ချေးငွေ ချက်ချင်းရမယ်”
“အလုပ်ရဖို့ အရင်ငွေသွင်းပါ”
ဒီလိုစကားတွေဟာ လူတယောက်ရဲ့ လိုအပ်ချက်ကို အခွင့်ကောင်းယူဖို့ အသုံးပြုနိုင်တဲ့ Scam နည်းလမ်းတွေ ဖြစ်ပါတယ်။ Scammer တွေဟာ လူတွေရဲ့ လိုအပ်ချက်၊ အခက်အခဲ၊ ယုံကြည်မှုနဲ့ မျှော်လင့်ချက်ကို လေ့လာပြီးမှ ချဉ်းကပ်တတ်ကြပါတယ်။
Scam တွေက ဘယ်လိုပုံစံနဲ့ ရောက်လာသလဲ
ငွေလိမ်တဲ့ Scammer တယောက်ဟာ “ငါက လူလိမ်ပါ” လို့ ဘယ်တော့မှ မိတ်ဆက်မှာ မဟုတ်ပါဘူး။ သူဟာ ကိုယ်ယုံကြည်တဲ့ ဘဏ်ဝန်ထမ်း၊ အွန်လိုင်းမှာ သိကျွမ်းလာတဲ့ ချစ်သူ၊ အမြတ်အစွန်းကောင်းမယ်ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အရေး၊ အလုပ်ကောင်းကောင်းရမယ်ဆိုတဲ့ အလုပ်ခေါ်စာ၊ အွန်လိုင်းအတုအယောင်အရောင်းဆိုင် ဒါမှမဟုတ် ကိုယ်သိတဲ့သူတယောက်ရဲ့ အကောင့်ကို အသုံးပြုပြီး “အရေးပေါ် ငွေလွှဲပေးပါ” ဆိုတဲ့ စာတစောင်အဖြစ် ရောက်လာနိုင်ပါတယ်။
ဒီနေ့မှာတော့ ဉာဏ်ရည်တု (AI) နည်းပညာတွေကြောင့် အသံအတု၊ ဓာတ်ပုံအတု၊ ဗီဒီယိုအတုနဲ့ ယုံကြည်စရာကောင်းတဲ့ စာသားတွေ ဖန်တီးဖို့ ပိုလွယ်လာပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို ကလည်း AI နဲ့ စျေးသက်သာတဲ့ ဒစ်ဂျစ်တယ် နည်းပညာတွေကြောင့် လိမ်လည်မှုတွေဟာ ပိုမိုစနစ်တကျနဲ့ အကြီးအကျယ် လုပ်ကိုင်လာနိုင်ကြောင်း သတိပေးထားပါတယ်။
Facebook Account ကလည်း လက်နက်တခု ဖြစ်သွားနိုင်တယ်
Facebook သုံးတယ်။ Messenger သုံးတယ်။ အွန်လိုင်းကနေ ဈေးဝယ်တယ်။ Mobile Banking သုံးတယ်။ ငွေလွှဲတယ်။ အွန်လိုင်းမှာ အလုပ်ရှာတယ်။ ဒီလို ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေကို အသုံးပြုနေပြီဆိုရင် Scam အန္တရာယ်ဟာ ကိုယ်နဲ့ မဝေးတော့ပါဘူး။
ကိုယ့်မိတ်ဆွေရဲ့ Account ကနေ “အရေးပေါ် ငွေလွှဲပေးပါဦး” ဆိုတဲ့ Message ရောက်လာရင် ကိုယ်ယုံမိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ Account ဟာ Hack ခံထားရတာ ဖြစ်နိုင်ပါတယ်။ ကိုယ်သိတဲ့လူရဲ့ ဓာတ်ပုံ၊ နာမည်နဲ့ Account အတု ဖန်တီးထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငွေလွှဲခိုင်းတဲ့ Message တစောင် ရလာရင် Message ထဲမှာပဲ မေးမြန်းအတည်ပြုတာထက် မူရင်းဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ပြီး အတည်ပြုတာ ပိုလုံခြုံပါတယ်။
Scam ခံရတာ ရှက်စရာမဟုတ်ပါ
Scammer တွေဟာ နည်းပညာနဲ့ လူ့စိတ်ပညာကို ပေါင်းစပ် အသုံးချလာကြပါတယ်။ ဒါကြောင့် ပညာတတ်သူ၊ နည်းပညာကျွမ်းကျင်သူ၊ စီးပွားရေးလုပ်ငန်းရှင် စတဲ့ ဘယ်သူမဆို လှည့်စားခံရနိုင်ပါတယ်။
အရေးကြီးတာက Scam ခံရပြီးနောက် တိတ်တိတ်လေး နေလိုက်ရမှာ မဟုတ်ပါဘူး။ အခြားသူတွေ ထပ်မခံရအောင် မျှဝေပေးခြင်း၊ သက်ဆိုင်ရာနေရာကို အကြောင်းကြားခြင်းနဲ့ ကိုယ့်ရဲ့ Online Account တွေကို ချက်ချင်း လုံခြုံအောင် ပြန်လုပ်ခြင်း ဖြစ်ပါတယ်။
ငွေဆုံးရှုံးတာထက်ပိုပါတယ်
Scam တခုရဲ့ နောက်ဆက်တွဲဆိုးကျိုးဟာ ငွေဆုံးရှုံးတာတခုတည်း မဟုတ်ပါဘူး။ တချို့သူတွေမှာ အရှက်ရခြင်း၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်း၊ စိတ်ဖိစီးမှု၊ လူတွေအပေါ် ယုံကြည်မှု လျော့နည်းခြင်းနဲ့ မိသားစုပြဿနာတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် လိမ်ညာခံရသူကို “ဘာလို့ ဒီလောက်တောင် ယုံရတာလဲ” လို့ အပြစ်တင်တာထက် Scam ဘယ်လိုအလုပ်လုပ်သလဲဆိုတာ နားလည်ပြီး တယောက်နဲ့တယောက် သတိပေး ကာကွယ်ပေးဖို့ ပိုအရေးကြီးပါတယ်။
Scam ကို တားဆီးဖို့ ပထမဆုံးလိုအပ်တာက “သိခြင်း” ပါ။ Scammer တွေရဲ့ နည်းလမ်းတွေ ပြောင်းလဲလာသလို ကိုယ်တိုင်ရဲ့ အသိပညာနဲ့ ကာကွယ်နည်းတွေကလည်း အမြဲတိုးတက်နေဖို့ လိုပါတယ်။
ဒီ Series က ဘာအတွက်လဲ
ဒီ Scam Awareness Series ဆောင်းပါးတွေရဲ့ ရည်ရွယ်ချက်က လူလိမ်တွေကို ကြောက်နေဖို့ မဟုတ်ပါဘူး။ လိမ်လည်နည်းတွေကို သိဖို့၊ အန္တရာယ်လက္ခဏာတွေကို မှတ်မိဖို့၊ မိမိနဲ့ မိသားစုကို ကာကွယ်တတ်ဖို့ ဖြစ်ပါတယ်။
နည်းပညာတွေ ဘယ်လောက်ပဲ ပြောင်းလဲလာပါစေ သတိရှိခြင်း၊ စစ်ဆေးခြင်း၊ အတည်ပြုခြင်း ဆိုတဲ့ အလေ့အကျင့် ၃ ခုက Scam အန္တရာယ်ကို လျှော့ချနိုင်တဲ့ အရေးကြီးဆုံး ကာကွယ်ရေးတွေထဲမှာ ပါဝင်နေပါတယ်။
အလွယ်တကူ မယုံလိုက်ပါနဲ့ သေချာအောင် စစ်ဆေးပါ။
လင့်တခုခုကို မနှိပ်ခင် အရင် စစ်ဆေး စဉ်းစားပါ။
ငွေတခုခုလွှဲတော့မယ်ဆိုရင် အကောင့်ကို သေချာစစ်ဆေးပါ အတည်ပြုပါ။
နောက်လာမဲ့ Scam Awareness Series ဆောင်းပါးတွေမှာတော့ လူမှုကွန်ရက်၊ ဖုန်း၊ Message၊ အချစ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်၊ Online Shopping နဲ့ AI စတဲ့ တကယ့်လက်တွေ့ဘဝတွေမှာ ကြုံတွေ့လာနိုင်တဲ့ Scam အမျိုးအစားတွေကို တခုချင်းစီ ရှင်းပြပြီး ဘယ်လိုသတိထားမလဲ၊ ဘယ်လိုသိနိုင်မလဲ၊ ဘယ်လိုကာကွယ်မလဲ ဆိုတာ လက်တွေ့ အသုံးချနိုင်အောင် ရိုးရှင်းလွယ်ကူစွာ ဆက်လက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
သိထားခြင်းက ကာကွယ်ခြင်းရဲ့ ပထမခြေလှမ်းပါ။
Aurora
References
• Global Anti-Scam Alliance (GASA). Global State of Scams Report 2025.
• INTERPOL. Global financial fraud threat assessment and related scam/fraud reporting.
• SecDev Foundation. (2025). Digital Swindles: Understanding and Combatting Online Scams in Myanmar.










