
နေပြည်တော်မှာ လွှတ်တော်သွားတက်တဲ့ မွန်အမတ်တွေ ဝဖြိုးစိုးပြည် ကုပ်သားတွေတောင် တက်ပြီး ပြန်လာကြတယ်လို့ ချက်မြှုပ်ရာ မော်လမြိုင်ကနေ တဖဝါးတောင် မခွာခဲ့တဲ့ ငယ်သူငယ် ချင်းက လှမ်းပြောတယ်။
နားမလည်တာနဲ့ ဘယ်လိုကြောင့်များတုန်းလို့ လှမ်းမေးလိုက်တော့ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာထဲ သတင်းလင့်ခ်တခု ရောက်လာတယ်။
ဖွင့်ကြည့်လိုက်တော့ ဒေသတွင်းမီဒီယာတခုရဲ့ ရေးသားချက်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်တို့ရဲ့ ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ မွန်ပြည်နယ်ကိုယ်စားပြု အမတ်တုအမတ် ယောင်တွေက ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်း လုံးဝမရှိဘူးဆိုတဲ့ သတင်း။
အတုအယောင် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ၃၂ ရက်ကြီးများတောင် ပြုလုပ်ခဲ့ရာမှာ အမတ်တု ၁၆၀ က ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု မေးမြန်းခဲ့တယ်။ အဲဒီအထဲမှာ မွန်ပြည်နယ်က အမတ်တုတွေတော့ တယောက်မှ မပါပါတဲ့။ မော်လမြိုင်သား သူငယ်ချင်းက ပြောလည်း ပြောချင်စရာ။ အတုအယောင် ပြည်သူ့လွှတ်တော်ထဲ နေ့တွက်စရိတ်ယူပြီး သွားအိပ်နေတာလားလို့ မေးခွန်းထုတ်ချင်စရာ။
ဟုတ်တာ၊ မဟုတ်တာ အပထား။ အတုအယောင် ပြည်သူ့လွှတ်တော်ဆိုတာက အချိုးကျကိုယ် စားပြု PR စနစ်မပါဘဲ မဲများသူအနိုင်ရတာမို့ မဲလာပေးတဲ့ ပြည်သူတွေရဲ့ တိုက်ရိုက်ရွေးချယ်မှု အမျိုးအစား။ ကျနော်တို့ မွန်ပြည်နယ် ၁၀ မြို့နယ်မှာဆိုရင် ကြံ့ဖွံ့နဲ့ မွန်ညီညွတ်ရေးပါတီ ၅ ဦးစီ အနိုင်ရခဲ့ပြီး ၁၀ ဦးစလုံးက လွှတ်တော်ထဲမှာ ငိုက်မြည်းနေကြတဲ့ပုံ။
ကြယ်ပွင့်ပြမေးခွန်းဆိုတာကို အများနားလည်အောင် ပြောရရင် လွှတ်တော်ထဲမှာ နှုတ်နဲ့ မေးပြီး လွှတ်တော်ထဲမှာပင် အစိုးရတုတာဝန်ရှိသူတဦးဦးက နှုတ်နဲ့သာ ပြန်ဖြေတာကို ဆိုလိုတာ။ ဒါကို နောက်တမျိုး ထပ်ပြောရရင် အမတ်တုတွေ တကယ်အလုပ် လုပ်၊ မလုပ် သိသာထင်ရှားမှုတခု။
ဒါနဲ့ အတုအယောင် အမျိုးသားလွှတ်တော်ဘက်ခြမ်းက မွန်အမတ်တုတွေရော ဘယ်လို အခြေအနေရှိသလဲလို့ စနည်းနာကြည့်တော့ သူတို့က ပြတ်ပြတ်သားသား ငိုက်မြည်းနေကြတာမျိုး မဟုတ်။ အမျိုးသားလွှတ်တော်တုထဲ မွန်အမတ် ၁၂ ယောက်ရှိရာမှာ ၆ ယောက်က မေးခွန်းတွေဘာတွေ မေးတာ တွေ့ရတယ်။
နောက်တဆင့် ဘာတွေ မေးသလဲလို့ ထပ်ကြည့်လိုက်တော့ လမ်းပြင်ပေးဖို့၊ လမ်းချဲ့ပေးဖို့၊ ရေထိန်းတံခါး တည်ဆောက်ပေးဖို့၊ အတ္ထရံတံတား(ချောင်းနှစ်ခွ)ကို အမြန်ဆုံးပြန်ပြင်ပေးဖို့ အစီအ စဉ် ရှိ၊ မရှိ။ အမယ်အိုများ ပင်စင်လစာထုတ်ယူရာမှာ နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက် လိုအပ်နေမှုကို ပယ်ဖျက်ပေးနိုင်ခြင်း ရှိ၊ မရှိ။ မွန်စာပေယဉ်ကျေးမှုနဲ့ သမိုင်းအထူးပြုဘာသာရပ် မော်လမြိုင်တက္ကသိုလ်မှာ ဖွင့်လှစ်ပေးရန် ရှိ၊ မရှိ။ လယ်ယာမြေပြဿနာပေါ်ရင် ဘယ်အဖွဲ့ ဆုံးဖြတ်ချက်ကို အတည်ယူရမလဲ။ အခွန်နဲ့အဂတိ အစီအမံ ဖော်ဆောင်ရေး တိုက်တွန်းကြောင်းအဆို။
မေးခွန်းတွေကိုကြည့်လိုက်ရင် အစိုးတုမကြိုက်တာ ဘာမှမမေးဘူးလို့ သံန္နိဌာန်ချထားတဲ့ပုံ။ တော်ရိရော်ရိ ထမင်းစားကောင်းရုံ။ လတ်တလော အများပြည်သူ အမှန်တကယ် လိုအပ်နေတဲ့ မေး ခွန်းတွေ ဘာမှမပါ။
“ကျနော်တို့ ဒေသခံတွေ အမှန်တကယ် လိုအပ်နေတာ ဈေးကြီးပေးဝယ်နေရတဲ့ စက်သုံးဆီ ပြဿနာပဲ။ အဲဒါကို မေးမလားဆိုပြီး စောင့်ကြည့်နေတာ အမတ်တွေက အရူးပါးတွေဆိုတော့ ဘယ်မေးမလဲ” လို့ ဒေသတွင်းပါတီတွေနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ မော်လမြိုင်မြို့သားတဦးက ဆိုတယ်။
စက်သုံးဆီပြဿနာက ကျည်ဆန်တွေ ပြေးလွှားနေတဲ့ မြန်မာနိုင်ငံဒေသအနှံ့မှာ အေးဆေး နေတာတောင် မွန်ပြည်နယ်မှာက ဆီပြတ်လို့ မဆလခေတ်ပြန်ရောက်ပြီး တန်းစီနေရတာ မကြာခဏ။ အခု ဩဂုတ်လဆန်းပိုင်းမှာကို မော်လမြိုင်ဆီဆိုင်ကြီးတွေက ဆီခွဲတမ်း လျှော့ရလို့ဆိုပြီး နေ့တဝက်ပဲ ဖွင့်ကာ အကန့်အသတ်နဲ့ ရောင်းချနေရသေး။
ပြီးတော့ မွန်ပြည်နယ်သားတွေက ရိုးရိုးဒီဇယ်ဆီကို တနိုင်ငံလုံးမှာ ဈေးအများဆုံးပေးပြီး ဝယ်သုံးနေရတယ်တဲ့။ မော်လမြိုင်ပြည်သူတွေဟာ ဘားအံပြည်သူတွေထက် ဓာတ်ဆီတလီတာကို ကျပ် ၁၀၀ နဲ့ အထက်၊ ရိုးရိုးဒီဇယ်ဆို ကျပ် ၅၀၀ ကျော် ဈေးပိုပေးကာ ဝယ်သုံးနေရတယ်တဲ့။ ဒေသတွင်း မီဒီယာတချို့က ဖော်ပြထားတာ တွေ့ရတယ်။
ဘာလို့ မွန်ပြည်နယ်သားတွေ အဲဒီလို စက်သုံးဆီ ပြဿနာတက်နေရတာလဲဆိုတော့ အရင် စစ်ကောင်စီရဲ့ တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၊ နေပြည်တော်ဗိုလ်ချုပ်ကြီး တဦးဦး၊ လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးခွင့် လုပ်ပိုင်ခွင့်ရ Myanmar Energy King ကုမ္ပဏီနဲ့ ရာဇာမင်းကုမ္ပဏီတို့ရဲ့ လက်ဝါးချင်းရိုက်ထားတဲ့ ကိစ္စကြီး။
ရာဇာမင်းကုမ္ပဏီက အရင် အာဏာသိမ်းစစ်ကောင်စီနဲ့ အခု အာဏာသိမ်း အစိုးရတုဆီကနေ သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့ နိုင်ငံခြားငွေမယူ၊ ကိုယ့်ဘာသာရှာဖွေထားတဲ့ နိုင်ငံခြားငွေနဲ့ ပြည်ပကနေ စက်သုံးဆီ ဝယ်ယူ၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာက Puma International Port Terminal ဆိပ်ကမ်းဆီ တိုက်ရိုက်ပို့၊ ကတုံးပေါ်ဆိပ်ကမ်းကနေမှ မွန်ပြည်နယ်ထဲ စက်သုံးဆီ ပြန် ဖြန့်။ မြန်မာတနိုင်ငံလုံးက သီလဝါဆိပ်ကမ်းရောက်လာတဲ့ စက်သုံးဆီတွေကို ကားတွေနဲ့ လာသယ် ပြီး ကိုယ့်ဒေသကိုယ် ဆီပြန်ရောင်းချတာ အဆင်ပြေနေကြပေမဲ့ မွန်ပြည်နယ်တခုတည်းသာ ထူး ခြားဖြစ်စဉ်အဖြစ် ထူးခြားလုပ်ကိုင်ခွင့်ရ ရာဇာမင်းကုမ္ပဏီကြောင့် အထုပ်တွေ ရှုပ်လို့။
ဘာ့ကြောင့် မွန်ပြည်နယ်အတွက် အထူးစပါယ်ရှယ် တီထွင်ရတာလဲဆိုတော့ ဘီးလင်းမြို့ နယ်ထဲမှာ တံတားတွေ မိုင်းခွဲခံရမှုကြောင့် သီလဝါကနေ စက်သုံးဆီ သယ်ယူရမှာ သွားလာမရတဲ့ ပြဿနာတွေ ကြုံခဲ့ရတယ်လို့ မွန်ပြည်နယ်အစိုးရတုက အကြောင်းပြတယ်။
အမှတ်မမှားဘူးဆိုရင် ဘီးလင်းက မစောနှင့် ကျုံအိတ်တံတားတို့မှာ မိုင်းခွဲခံရတာ ၃ကြိမ်။ ၃-၄ ရက်လောက် ကားအသွားအလာရပ်တာလောက်ပဲဆိုတော့ မွန်ပြည်နယ်အတွင်း စက်သုံးဆီ လုံးဝ ပြတ်သွားတာမျိုး မဟုတ်။ ပြီးတော့ ကရင်ပြည်နယ်ဆိုတာလည်း ဒီလမ်းကြောင်းကနေပဲ စက်သုံးဆီ သယ်ရတာပဲ။
ရာဇာမင်းကုမ္ပဏီက မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ချိခွင့်ရပြီးနောက် မွန်ဒေသခံတွေအတွက် ပိုမိုကောင်းမွန်မှု တစုံတရာ မခံစားရရုံတင်မက တခြားတိုင်းနဲ့ပြည်နယ်ထက် ဆီဈေးကြီးတဲ့ ဒဏ်ကိုပါ ဒီနေ့ထိတိုင် တောက်လျှောက်ခံရတော့တယ်။
ပြည်သူချင်းတူပါလျက် မွန်ပြည်နယ်နဲ့ကပ်လျက် ကရင်ပြည်နယ်နဲ့ပဲခူးတိုင်း ပြည်သူတွေထက် ဘာ့ကြောင့် ဈေးကြီးပေး ဝယ်နေရတာလဲလို့ မွန်ဒေသခံတွေက မေးခွန်းထုတ်လာကြတယ်။ ပြီးတော့ မွန်ပြည်သူတွေ ဈေးကြီးပေးဝယ်ရတဲ့အတွက် ဘယ်သူတွေက အကျိုးအမြတ်ခံစားနေရသလဲဆိုတဲ့ ထပ်ဆင့်မေးခွန်းလည်း ထွက်ပေါ်လာတယ်။
အဲဒီလို မေးခွန်းတွေ ထွက်ပေါ်နေတဲ့အချိန်မှာပဲ ရာဇာမင်းကုမ္ပဏီပိုင်ရှင် ညီညီထွေးရဲ့ အောက်လမ်းရိုက်ချက်၊ မွန်ပြည်သူတွေအတွက် တင်သွင်းထားတဲ့ စက်သုံးဆီတွေကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ဘီးလင်းရွှေတူးသမားတွေဆီနဲ့ ပင်လယ်ပြင်မှာ ဆီမှောင်ခို ခိုးထုတ်ရောင်းချမှုကြီးက ထိန်းမနိုင် အုပ်မရ ဗူးပေါ်သလို ပေါ်လာတော့တယ်။
လောလောဆယ်အချိန်ထိ ညီညီထွေးကို ဆီမှောင်ခိုမှုနဲ့ ထောင် ၂ နှစ်ချ။ အဲဒီဆီမှောင်ခိုထုတ်မှုဟာ ရာဇာမင်းကုမ္ပဏီပိုင်ရှင် ညီညီထွေးနဲ့သာ သက်ဆိုင်ပြီး ရာဇာမင်းကုမ္ပဏီနဲ့ လုံးဝမသက်ဆိုင်ဘူးလို့ အစိုးရတု တရားရေးက အံ့ဘနန်းဆုံးဖြတ်တဲ့ပုံ။ ရာဇာမင်းကုမ္ပဏီ ရှေ့သို့ ဆက်ချီမပျက်။
ပြီးခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော်တုမှာ စက်သုံးဆီကိစ္စ ကျိုက်မရောအမတ်က မေးခွန်းထုတ်ရာမှာ ပြည်နယ်အစိုးရတုဝန်ကြီးက မွန်ပြည်နယ်အတွင်း စက်သုံးဆီ မပြတ်လပ်စေရေးအတွက် ရာဇာမင်းကုမ္ပဏီကို လုပ်ပိုင်ခွင့် ပေးထားရခြင်းဖြစ်တယ်တဲ့။ ဆက်လက်ပြီးလည်း ဖြန့်ဖြူးခွင့်ပေး သွားဦးမယ်တဲ့။ မွန်ဒေသခံတွေ ခံစရာရှိတာ ဆက်ခံကြလို့ မပြောရုံတမယ်။
တကယ်တော့ နိုင်ငံခြားကနေ ဆီတိုက်ရိုက်တင်သွင်းပြီး မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးခွင့်ဆိုတာ နေပြည်တော်အဆင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမှသာ လုပ်ပိုင်ခွင့်ရရှိမှာမို့ နေပြည်တော် အစိုးရတုနဲ့သာ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စ။
စက်သုံးဆီ ဖြန့်ချိနေတဲ့ ကုမ္ပဏီကိုယ်တိုင်က ဆီမှောင်ခိုချနေတာနဲ့ မွန်ပြည်သူတွေ ဈေးကြီး ပေးဝယ်နေရတာ ဘယ်သူတွေရဲ့ အကျိုးစီးပွားအတွက်လဲလို့ နေပြည်တော်လွှတ်တော်မှာ မေးခွန်း ထုတ်ခဲ့ရင် မွန်ပြည်သူတွေက စိတ်ကျေနပ်ကြမှာ သေချာပေမဲ့ အစိုးရတုမကြိုက်မယ်မှန်းသိတဲ့ မွန် အမတ်တုတွေက မသိချင်ယောင်ဆောင်ကာ ငိုက်မြည်းခဲ့ကြတယ်။
ရာဇာမင်းကုမ္ပဏီ လုပ်ပိုင်ခွင့်ရဖို့ အောင်ကြည်သိန်းဆိုတာ လမ်းကြောင်းဖောက်သူသာ ဖြစ်ပြီး နေပြည်တော်အဆင့် ဗိုလ်ချုပ်ကြီးတယောက်ယောက်ရဲ့ ခွင့်ပြုချက်လက်မှတ်မပါဘဲ လုပ်ကိုင်ခွင့် မရဘူးဆိုတာနဲ့ လက်မှတ်ထိုးခအဖြစ် နင့်နေအောင် ပိုက်ဆံပေးရမယ်ဆိုတာ အမတ်တုတွေ မသိဘဲ ဘယ်နေလိမ့်မလဲ။
ဒါပေမဲ့ ပြည်သူတွေ ကြိုက်ဖို့ထက် ဗိုလ်ချုပ်ကြီးတွေရဲ့ စစ်ဖိနပ်ကို ပြောင်အောင် တိုက်တတ်တဲ့ ပညာသာ အဓိက မဟုတ်လား။ အမတ်တုမကလို့ နှစ်ထပ်ကွမ်းအမတ်တုတွေအဖြစ် ပြည်သူတွေ သတ်မှတ်တော့ရော ဘာအရေးလဲ။ လွှတ်တော်တုရဲ့ အဲကွန်းအေးအေးလေးမှာ ငိုက်မျဉ်းနေတာ ဘယ်ဆန်းမလဲ။











