DVB Logo
Home
မြန်မာသတင်း
ကန်ကြီးထောင့်တွင် အရပ်သား ၇ ဦးကို စက်သုံးဆီ တရားမဝင်ရောင်းမှုဖြင့် ဖမ်းဆီး
DVB
·
September 25, 2026
Photo: KJ
Photo: KJ
Donate to DVB

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ အရပ်သား ၇ ယောက်ကို တရားမဝင် စက်သုံးဆီ ရောင်းချတယ်ဆိုပြီး စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တရားမဝင် စက်သုံးဆီ ရောင်းချတာကြောင့်ဆိုကာ ကန်ကြီးထောင့်မြို့နယ်၊ မြင်းကဆိပ်ကျေးရွာ အုပ်စုက ဦးမြင့်ယုံ (ခ) ဦးအန့်ဂူ၊ ဦးမြင့်အောင် (ခ) ဦးနံပါတ်၊ ဦးဆန်းဌေး၊ ဦးသီဟနဲ့ ဦးကျော်နိုင်ဦး တို့ကို စက်တင်ဘာ ၂၃ ရက်မှာ စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဦးသိန်းအောင်နဲ့ ဟာဆန် (ခ) ကျော်ကျော်ဦး တို့ကိုလည်း ထပ်မံဖမ်းဆီးခဲ့တာပါ။

ကန်ကြီးထောင့်မြို့နယ် စစ်တပ်နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့သူတွေကို တရားမဝင် စက်သုံးဆီ ရောင်းဝယ်သိုလှောင်နေတယ်ဆိုတဲ့ သတင်းအရ ဖမ်းတာလို့ သိရပါတယ်။ ပထမ ၅ ယောက်ကို ဖမ်းပြီးနောက် သူတို့ဆီကရတဲ့ အချက်အလက်တွေအရ နောက်ထပ် ၂ ယောက်ကို ထပ်ဖမ်းတာပါ” လို့ ပြောပါတယ်။

စက်သုံးဆီ တရားမဝင်ရောင်းချမှုနဲ့ အရပ်သား ၇ ယောက် အဖမ်းခံရတဲ့အပြင် အရပ်သားတွေရဲ့ ဓာတ်ဆီ ၉၂ စုစုပေါင်း ၅၀ ပေပါ၊ ၂,၅၀၀ ဂါလံ၊ ကာလတန်ဖိုး ကျပ် ၄၄ သန်းနဲ့ ဒီဇယ် ၁၅၂ ပေပါ၊ ၇,၆၀၀ ဂါလံ၊ ကာလတန်ဖိုး ကျပ် ၁၄၄ ဒသမ ၄ သန်းရှိ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၈၈ ဒသမ ၄ သန်းခန့်ကိုပါ သိမ်းဆည်းယူသွားတယ်လို့ သိရပါတယ်။

ဒေသခံအရပ်သားတယောက်က “လုပ်ငန်းရှင်တွေကို ပုသိမ်ကို ခေါ်သွားတာလို့ သိရတယ်။ တရားမဝင် သိုလှောင်ရောင်းချတာ မရှိပါဘူး။ ငွေညှစ်ဖို့အတွက် ကြံဆဖမ်းတာ ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ အရပ်သားလုပ်ငန်းရှင် ၇ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတပ်ဖွဲ့က ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) မှာ စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းမှာ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁၀ ယောက်၊ စုစုပေါင်း အရပ်သား ၁၃ ယောက်ကို တရားမဝင် စက်သုံးဆီ ရောင်းချမှု၊ စက်သုံးဆီ မှောင်ခိုသယ်ယူမှုတို့နဲ့ စစ်အာဏာရှင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

မတ် ၃၀ ရက်ကနေ ဧပြီ ၅ ရက်အထိ ၇ ရက်အတွင်းလည်း ကျုံပျော်၊ သာပေါင်းနဲ့ ငပုတောမြို့နယ်တွေက အရပ်သား ၆ ယောက်ကို စက်သုံးဆီ တရားမဝင်ရောင်းချမှုနဲ့ မှောင်ခိုသယ်ယူမှုတို့ဆိုပြီး စစ်အာဏာရှင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းခံရသူတွေထဲမှာ စက်သုံးဆီကို ကိုယ်တိုင်အသုံးပြုဖို့ အများအပြားဝယ်ယူလာတဲ့ လယ်သမားတွေနဲ့ ရပ်ကွက်အတွင်း ရေသန့်ဘူးတွေနဲ့ စက်သုံးဆီထည့်ရောင်းသူတွေ ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် ဇွန်လအတွင်းမှာလည်း လပွတ္တာ၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်တွေက အရပ်သား ၄ ယောက်ကို စက်သုံးဆီ တရားမဝင်သယ်ယူရောင်းချမှုဆိုပြီး စစ်အာဏာရှင်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းခံရသူတွေထဲမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေ၊ တပိုင်တနိုင် စက်သုံးဆီရောင်းချသူတွေနဲ့ ရေယာဉ်အငှားလိုက်သူတွေလည်း ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013