
စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဓာတ်ဆီ ၉၂ တလီတာကို ကျပ် ၂၀,၀၀၀ နီးပါးအထိ ပေးဝယ်နေရတဲ့အတွက် ဒေသခံတွေဟာ ဆိုက်ကားနဲ့ စက်ဘီးတွေကိုသာ အဓိက အားထားပြီး သွားလာနေကြရပါတယ်။
ရခိုင်မှာ ၂၀၂၃ ခုနှစ် တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက စစ်အာဏာရှင်တပ်က ကုန်းလမ်း၊ ရေလမ်းတွေကိုပါ ပိတ်ဆို့ထားတဲ့အပြင် စက်သုံးဆီတင်သွင်းမှုကိုလည်း ထိန်းချုပ် ကန့်သတ်ထားပါတယ်။
လက်ရှိ စစ်တွေမြို့မှာ စက်သုံးဆီ လုံလုံလောက်လောက် တင်သွင်းဖြန့်ဖြူးပေးနိုင်တာ မရှိတဲ့အတွက် စက်သုံးဆီ အရောင်းဆိုင်ကြီးတွေ ပိတ်ထားခဲ့ရပြီး လမ်းဘေးဆိုင်တွေမှာ ရောင်းချတာ ပိုများလာနေတာပါ။
အရင်က စစ်တွေမြို့ရှိ ကျော်ဇံ ဆီဆိုင်မှာ တပတ် တကြိမ် ၉၂ ဓာတ်ဆီ တလီတာကို ကျပ် ၇,၀၀၀ နှုန်းထားနဲ့ ဆိုင်ကယ်တစီးကို ၂ လီတာ၊ ကားနဲ့ သုံးဘီးတွေအတွက် ၆ လီတာ ခွဲတမ်းနဲ့ ဆီထုတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကတည်းက ဆီခွဲတမ်းထုတ်ဝေမှု လုံးဝရပ်တန့်သွားခဲ့ပြီး လမ်းဘေးဆီဆိုင်တွေမှာ ဓာတ်ဆီတလီတာကို ကျပ် ၁၇,၀၀၀ ကနေ ၁၉,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီပမာဏဟာ ဒီတပတ်အတွက် စစ်အာဏာရှင်အစိုးရက သတ်မှတ်တဲ့ ရန်ကုန်မြို့အတွက် စက်သုံးဆီ လက်လီ ရည်ညွှန်းဈေးဖြစ်တဲ့ ဓာတ်ဆီ ၉၂ တလီတာ ၄,၅၃၀ ကျပ်ထက် ၅ ဆနီးပါးများတဲ့ ပမာဏပါ။
ဒါ့အပြင် အဲဒီ လမ်းဘေးဆီဆိုင်တွေမှာ ရောင်းချနေရတဲ့ ဆီတွေကိုလည်း စစ်တပ်က တိုက်ရိုက် ထိန်းချုပ်ထားတာဖြစ်ပြီး ရောင်းချသူတွေအနေနဲ့ တလီတာကို အမြတ်ငွေ ၂,၀၀၀ သာ ရယူနိုင်ပြီး ကျန်ငွေကို စစ်တပ်ဆီ ပေးသွင်းရတာပါ။
စစ်တွေဒေသခံတယောက်က “အပြင်က ရောင်းနေတဲ့ ဆီမှန်သမျှ စစ်တပ်က ဆီတွေပါ။ အလုံးရေ ဆယ်ချီ၊ ရာချီ ထုတ်ပေးထားတယ်။ တလီတာဆိုရင် ၂,၀၀၀ အမြတ်ယူပေါ့နော်။ ဘယ်ဈေးနဲ့ရောင်း ဆိုပြီးတော့ သတ်မှတ်ပေးထားပြီးသားပါ။ ဥပမာ ကျနော်တို့က ၁၇,၀၀၀ နဲ့ ရောင်းရရင် သူတို့ကို ၁၅,၀၀၀ ပေး၊ ကျနော်တို့က ၂,၀၀၀ ယူ အဲလိုမျိုးပါ။ ဆီမှန်သမျှ စစ်တပ်က ကိုင်ထားတာတွေပါ” လို့ ပြောပါတယ်။
အခုလို ဓာတ်ဆီဈေး အဆမတန် မြင့်တက်လာနေတဲ့အတွက် စစ်တွေဒေသခံတွေဟာ ကုန်ဈေးနှုန်းတွေနဲ့ ဆီဈေးမြင့်တက်မှု ဒဏ်တွေကြားမှာ သွားလာရေးအတွက် စက်ဘီးနဲ့ ဆိုက်ကားတို့လို အနှေးယာဉ်တွေကိုပဲ မှီခိုအားထားလာနေရတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဝန်းကျင်က တုတ်တုတ်စီးခဟာ လူတယောက်ကို ၁,၀၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာက လက်ရှိမှာတော့ ၁၀,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်လာနေပါတယ်။ ဒါ့အပြင် ဆိုက်ကားခကလည်း ၅,၀၀၀ လောက်အထိ ပေးနေရတာဖြစ်ပါတယ်။
အခုလို အခြေအနေတွေကြောင့် သွားလာရေး ခက်ခဲရုံတင်မကဘဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ အထိပါ ရိုက်ခတ်မှု ရှိလာနေပါတယ်။
ဆေးရုံ၊ ဆေးခန်းသွားဖို့ ခရီးစရိတ် မတတ်နိုင်တဲ့အပြင် ဆေးဖိုးတောင် လုံလုံလောက်လောက် မတတ်နိုင်တဲ့ စစ်တွေမြို့က အခြေအနေကို စစ်ဘေးရှောင်တယောက်က ပြောပြပါတယ်။
“ဆိုက်ကားတွေကို ပိုစီးလာကြပါတယ်။ ပိုက်ဆံမရှိတဲ့သူတွေ များလာလို့လေ။ ဒီမှာက စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှု ဒီအခက်အခဲတွေကို နေ့စဉ်နဲ့အမျှ ကြုံနေကြရတာပါ။ သွားလာစရိတ်က ဈေးကြီးတော့ မတတ်နိုင်ဘူးလေ။ နေမကောင်းရင်တောင် ဆေးရုံ ဆေးခန်း မသွားနိုင်ဘူး။ အနီးအနားက ဆေးဆိုင်တွေကပဲ ဝယ်သောက်ရတယ်။”
လက်ရှိ စစ်တွေမြို့နယ်မှာလည်း စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးပြင်းထန်နေတာ ၃ လနီးပါး ရှိလာနေပြီး မြို့တွင်းကိုပါ ဗုံးကြဲမှုတွေ ရှိလာနေတဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ခုလို လုံခြုံရေး စိုးရိမ်နေရတဲ့ကြားမှာပဲ စစ်တပ်ရဲ့ လမ်းခရီးပိတ်ဆို့ထားတာကြောင့် စက်သုံးဆီ အပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေလို့ ဒေသခံတွေရဲ့ လူမှုဘဝ ရပ်တည်ရေး များစွာ ခက်ခဲနေပါတယ်။
ကေခိုင်











