DVB Logo
Home
မြန်မာသတင်း
အလုပ်အကိုင်ရှားပြီး ကုန်ဈေးနှုန်းကြီးနေသည့် စစ်တွေ၌ တောင်းရမ်းစားသောက်သူ များလာ
DVB
·
November 18, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်အာဏာရှင်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အလုပ်အကိုင်ရှားတာနဲ့အတူ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်တွေကြား စားဝတ်နေရေး အကျပ်အတည်း အဆိုးရွားဆုံး အခြေအနေထိ ရောက်ရှိနေပြီး တောင်းရမ်းစားသောက်တဲ့သူ ပိုများလာနေပါတယ်။

စစ်တွေမြို့မှာ စစ်တပ်ရဲ့ ‘ဖြတ်လေးဖြတ်’ ဗျူဟာကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်း အဆမတန် မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်တွေဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ အငတ်ဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရပါတယ်။

အခုလို စစ်တွေမြို့မှာ စားဝတ်နေရေး အကျပ်အတည်း အဆိုးရွားဆုံး အခြေအနေထိ ရောက်ရှိလာတဲ့အတွက် တနေ့တာဝမ်းရေး မဖြေရှင်းနိုင်တော့ဘဲ အလှူခံပြီး တောင်းရမ်း စားသောက်နေသူတွေ ပိုများလာနေတယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။

စစ်တွေဒေသခံတယောက်က “ဒီမှာလည်း နေ့တိုင်း တယောက်စ နှစ်ယောက်စ တွေ့ပါတယ်။ ခုလည်း အဘိုးတယောက် အိမ်နားမှာ အလှူခံနေတာ တွေ့ပါတယ်။ ကလေးအမေတွေ တော်တော်များများ အလှူခံတာ ပိုတွေ့ရပါတယ်။ ကလေး ၂ ယောက်၊ ၃ ယောက်ကို လက်ကလေးတွေ ဆွဲပြီးတော့ ပိုက်ဆံလေး နည်းနည်းရနိုင်မလား၊ ဆန်လေးနည်းနည်းရမလား အဲဒီလိုပြောပြီး တအိမ်ဝင် တအိမ်ထွက် အလှူခံနေကြတာပါ။ ထမင်းတွေကိုတော့ ဘုန်းကြီးကျောင်းတွေနဲ့ တခြား ကြုံရာနေရာမှာ ဝင်စားကြတယ်။ ဒီမှာက လူတွေလည်း သိပ်မရှိတော့ပါဘူး၊ ဝန်ထမ်းတွေနဲ့ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေပဲ ကျန်ခဲ့တာပါ။ ခုက အလုပ်တွေလည်း မရှိတော့ တောင်းစားကြတယ်၊ မဟုတ်ရင်လည်း ခိုးစား၊ လုစားကြတာပါပဲ။ ဒီမှာက နေ့ခင်းကြောင်တောင်တောင် ခိုးတဲ့သူတွေ များနေတာလေ” လို့ ပြောပါတယ်။

လက်ရှိမှာ အခြေခံလူတန်းစားတွေစားတဲ့ ဆန်ကြမ်းတအိတ်ကိုတောင် ကျပ် ၁၅၀,၀၀၀ အထိ ရှိနေပြီး စားအုန်းဆီ၊ ကြက်သွန်၊ အသား၊ ငါးတွေရဲ့ ဈေးနှုန်းတွေကလည်း သာမန်ပြည်သူတွေ ဝယ်ယူဖို့ မလွယ်ကူတော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ရန်ကုန်ကနေလာတဲ့ ကုန်တင်သင်္ဘောတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့သာ သယ်ယူခွင့်ရှိတာကြောင့် စစ်တွေမြို့တွင်း ကုန်စည်စီးဆင်းမှုက ပုံမှန်မရှိပါဘူး။ ဒါကြောင့် စစ်တွေမြို့တွင်း ကုန်ဈေးနှုန်းတွေမှာ အဆမတန် မြင့်တက်နေတာပါ။

လက်ရှိ စစ်တွေမြို့မှာ ပေါ်ဆန်းမွှေးဆန်တအိတ်ကို ကျပ် ၂၈၀,၀၀၀ ကနေ ဆန်ကြမ်းတအိတ်ကို ကျပ် ၁၅၀,၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ်။

ဒါ့အပြင် စားအုန်းဆီ တလီတာ ကျပ် ၁၉,၀၀၀ ၊ ကြက်ဥတလုံး  ကျပ် ၁,၃၀၀ ၊ ဝက်သား တပိဿာ ကျပ် ၆၅,၀၀၀ ၊ အမဲသား တပိဿာ  ကျပ် ၈၀,၀၀၀ နဲ့ ဟင်းချက်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ ကြက်သွန် အနီနဲ့ အဖြူ တပိဿာကို ကျပ် ၂၀,၀၀၀ အထိ မြင့်တက်နေပါတယ်။

တဖက်မှာလည်း ထင်းတစည်းကိုကျပ် ၂,၀၀၀၊ မီးသွေးတအိတ်ကို ကျပ် ၄၀,၀၀၀  ဖြစ်နေတဲ့အတွက် မိသားစုတစုအတွက် တရက်တာ ထင်းဖိုးက အနည်းဆုံး ကျပ် ၁၀,၀၀၀ အထိ ကုန်ကျမှုရှိနေတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

မြို့ခံတွေတောင် ဒီလောက် ကျပ်တည်းနေတဲ့ အခြေအနေမှာ နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေက ပိုဆိုးပါတယ်။

စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွေမှာ စစ်တပ်ရဲ့ အတင်းအဓမ္မ နှင်ထုတ်ခဲ့မှုကြောင့် စစ်ဘေးရှောင် သောင်းချီ ယာယီခိုလှုံနေကြရပါတယ်။

စစ်အာဏာရှင်အစိုးရဆီကနေ စစ်ဘေးရှောင်တယောက်ကို အရင်က ဆန် နို့ဆီဘူး ၆၀ ရရာကနေ လက်ရှိမှာတော့ လူကြီးတယောက်ကို ဆန်နို့ဆီဘူး ၄၄ ဘူးနဲ့ လူငယ်တယောက်ကို ဆန်နို့ဆီဘူး ၂၀ သာ ထောက်ပံ့တော့တာပါ။

ခုလို ထောက်ပံ့မှုတွေကိုတောင် လတိုင်း ပုံမှန်မရရှိကြပါဘူး။ ဒါ့အပြင် အရင်က တလကို ငွေ ကျပ် ၂၀,၀၀၀ ထောက်ပံ့မှုတွေကလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်ဆိုင်းသွားခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်အထိဆိုရင် ၁၁ လဝန်းကျင် ရှိလာနေပြီ။

ဒါကြောင့် စစ်ဘေးရှောင်တွေမှာ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် အတိုးနှုန်းကြီးကြီးပေးပြီး ချေးငှား စားသောက်နေကြရသလို တချို့လည်း တောင်းရမ်းစားသောက်ရတဲ့အထိ အဆိုးဆုံး အခြေအနေကို ရောက်ရှိနေတယ်လို့ စစ်တွေမြို့က စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“စခန်းထဲမှာလည်း ရှိပါတယ်၊ နေ့စဉ်နဲ့အမျှ တွေ့နေရတာပါ။ အလှူခံတဲ့သူတွေကို ဈေးတွေမှာ အများဆုံး တွေ့မိတာပေါ့။ တရက်ကို ၁၅ ယောက်လောက်ကို တွေ့ပါတယ်။ ယောကျ်ားလည်း မရှိကြတော့ဘူးလေ။ ကလေးတွေရှိတော့ အဲဒီကလေးတွေက ဗိုက်ဆာတယ်၊ ထမင်းမစားရဘူး၊ မုန့်မစားရဘူး ဆိုတော့ ထွက်ပြီးတော့ အလှူခံကြရတာပေါ့။ ပိုက်ဆံအလှူခံတယ်၊ ဆန်အလှူခံတယ်၊ နောက် ထမင်းအလှူခံကြပါတယ်။ အဲဒီသုံးမျိုးက ပုံမှန်ပဲ ဖြစ်နေတာပါ။ အဓိကကတော့ စားဝတ်နေရေး အခက်အခဲကြောင့်ပဲ အလှူခံကြရတာပါ။ အလုပ်ကတော့ မရှိကြပါဘူး။ ၃ နှစ်ရှိပါပြီ၊ ထမင်းကလည်း နပ်မမှန်ပါဘူး။ နို့ဆီဘူး ၄ လုံးချက်ရတဲ့ အိမ်တွေဆို ၂ လုံးခွဲနဲ့ပဲ လောက်အောင် ချက်ရတာပေါ့။”

လက်ရှိမှာ စစ်ဘေးတိမ်းရှောင်ဖို့ မလွယ်ကူတဲ့ အခြေခံ လက်လုပ်လက်စား ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကတော့ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရပြီး နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013