ရခိုင်တွင် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်ပြီး ကုန်ပစ္စည်းအချို့ပြတ်လပ်

ရခိုင်ပြည်နယ်မှာ ကုန်စည်ဈေးနှုန်းတွေ ထပ်တက်လာပြီး တချို့ကုန်ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုန်စည်ဈေးတွေဟာ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာတာဖြစ်ပြီး ကုန်စည်ပြတ်လပ်တာတွေလည်းရှိတယ်လို့ မြောက်ဦးမြို့နယ်က ကုန်စုံရောင်းချသူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ကုန်ဈေးနှုန်းတက်နေတာက ဆက်တိုက်လိုဖြစ်နေတယ်။ ခုဆို အများဆုံးတက်ရင် ၉,၀၀၀ လောက်ပဲရှိတဲ့ ဆီဈေးက အခု ၁ သောင်းကျော်သွားပြီ။ ကုန်တွေကလည်း ဈေးကတက်၊ ပြတ်တဲ့ကုန်တွေဆို ပြတ်၊ ပြတ်တဲ့ကုန်တွေက ဈေးထပ်တက်နဲ့ ဈေးရောင်းတာ မြတ်လား ရှုံးလားဆိုတာတောင် မတွေးတတ်တော့ဘူး” လို့ ပြောပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျပ် ၈,၀၀၀ လောက်ရှိခဲ့တဲ့ အိန္ဒိယစားသုံးဆီတဘူးကို လက်ရှိမှာ ၁၁,၀၀၀ ကျပ်၊ ကျပ် ၂၅၀၀ လောက်ရှိခဲ့တဲ့ ဆပ်ပြာတတောင့်ကို လက်ရှိမှာ ၃,၅၀၀၊ ကျပ် ၁၀,၀၀၀ လောက် ရှိခဲ့တဲ့ ကြက်သွန်နီ တပိဿာကို လက်ရှိမှာ ၁၅,၀၀၀၊ ကျပ် ၂၀,၀၀၀ လောက် ရှိခဲ့တဲ့ ကော်ဖီတထုပ်ကို လက်ရှိ ကျပ် ၂၂,၀၀၀ ကျပ်၊ တပိဿာ ၂၅,၀၀၀ လောက် ရှိခဲ့တဲ့ငရုတ်သီးခြောက်ကို လက်ရှိ ၃၀,၀၀၀ ကျပ် စသဖြင့် အသီးသီးဈေးရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ ကုန်ဈေးမြင့်တက်တာနဲ့ ကုန်စည်ပြတ်လပ်တာဟာ ကုန်သယ်လမ်းကြောင်း မတည်ငြိမ်တာကြောင့် ဖြစ်တယ်လို့ အိန္ဒိယ-ရခိုင်အပြင် ပြည်မ-ရခိုင် လမ်းကြောင်းတွေကနေ ကုန်စည်သယ်ယူနေသူ ကုန်သည်တယောက်က ဆိုပါတယ်။
“ခုလမ်းကြောင်းတွေက မတည်ငြိမ်ဘူး။ အိန္ဒိယဘက်ကလည်း လမ်းတွေပျက်လို့ ကုန်တွေပိတ်မိနေတယ်။ ပြည်မဘက်ဆိုရင်လည်း စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ထားတာတွေကြောင့် အရင်လို ကုန်စည်တွေ ဒီအထိရောက်ဖို့ အတော်ခက်၊ လမ်းခရီးမှာ အရမ်းကြာတယ်။ ဒီအခြေအနေကြောင့် ခုဆို ဆေးဝါးအချို့၊ စားကုန်နဲ့ တခြားကုန်အများစုက ပြတ်လပ်တာတွေဖြစ်နေတာ” လို့ ပြောပါတယ်။
ကုန်စည်လမ်းကြောင်းမတည်ငြိမ်တာကြောင့် ရခိုင်မှာ ကုန်ဈေးနှုန်းမတည်ငြိမ်တာ အမြဲလိုလိုဖြစ်ပေမဲ့ လက်ရှိမှာတော့ ကုန်စည်လည်းပြတ်လပ်၊ ဈေးလည်းတက်နေတာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ကနေစပြီး ရခိုင်ကို စီးဆင်းနေတဲ့ ကုန်စည်လမ်းကြောင်းတွေအားလုံးကို စစ်တပ်က ပိတ်ဆို့ထားခဲ့တာကြောင့် ကုန်ဈေးနှုန်းတွေဟာ အဆမတန် မြင့်တက်နေခဲ့တာပါ။











