ကြက်သွန်နီ ရန်ကုန်ဒိုင်အဝင်ဈေးကျသော်လည်း ဈေးကွက်အတွင်း၌ ကျပ် ၂၀,၀၀၀ ကျော်နေ

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်ဒိုင်အဝင်ဈေး ကျပ် ၂၀,၀၀၀ အထက်ထိ ရောက်ခဲ့တဲ့ ပြည်တွင်း ကြက်သွန်နီဈေးနှုန်းဟာ နိုဝင်ဘာ ၂၀ ရက် ဒီကနေ့မနက်မှာ တပိဿာ ကျပ် ၁၅,၀၀၀ ဝန်းကျင်ကို ကျဆင်းလာတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က ဈေးနှုန်းတွေအရ သိရပါတယ်။
ဒီကနေ့ မနက်ပိုင်း ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ အဖွင့်ဈေးတွေအရ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီ(ရှယ်) တပိဿာကို ကျပ် ၁၄,၀၀၀၊ မြင်းခြံဒေသထွက် ကြက်သွန်နီ(ရှယ်) တပိဿာ ၁၆,၀၀၀ ကျပ်၊ တောင်သာဒေသထွက် ကြက်သွန်နီ(ရှယ်) တပိဿာ ၁၀,၅၀၀ ကျပ်၊ မုံရွာဒေသထွက် ကြက်သွန်နီ(ရှယ်) တပိဿာ ၁၆,၀၀၀ ကျပ် ဈေးပေါက်တယ်လို့ သိရပါတယ်။
အခုလို ဒိုင်အဝင်ဈေး ကျဆင်းနေပေမဲ့ ရန်ကုန်က ဈေးတွေနဲ့ ရပ်ကွက်အသီးသီးက ဈေးဆိုင်တွေမှာ ကြက်သွန်နီ တပိဿာ ၂၀,၀၀၀ ကျပ်အထက်နဲ့ ရောင်းချနေဆဲဖြစ်ပြီး နယ်တွေမှာ တပိဿာ ၂၅,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်နေဆဲလို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတယောက်က “အခုက တပိဿာ ၂၂,၀၀၀ ကနေ ၂၄,၀၀၀ လောက် ပေးဝယ်နေရတယ်။ ကြက်သွန်က မရှိမဖြစ် မဟုတ်တော့ လျှော့စားဖို့ပဲ စဉ်းစားထားပါတယ်။ ဈေးက တက်ပြီးသွားရင် ပြန်မကျတတ်တာ ထုံးစံလိုဖြစ်နေပြီ ဆိုတော့လေ” လို့ DVB ကို ပြောပါတယ်။
လက်ရှိဈေးနှုန်းတွေအရ ရှယ်ဆိုက် ကြက်သွန်နီအမျိုးအစားတွေအောက်က အလယ်အလတ်အဆင့် အမျိုးအစားတွေဟာ တပိဿာ ကျပ် ၁၂,၀၀၀ ဝန်းကျင်ကနေ ကျပ် ၁၀,၀၀၀ ဝန်းကျင်အထိသာ ဈေးပေါက်တော့တာကို တွေ့ရပြီး ဈေးဆက်ကျနိုင်တဲ့ အခြေအနေ ရှိတယ်လို့လည်း သိရပါတယ်။
တဖက်မှာလည်း ကြက်သွန်နီအသစ်တွေ မပေါ်သေးတဲ့အတွက် တောင်သူနဲ့ ကုန်သည်တွေလက်ထဲ ကြက်သွန်လက်ကျန် လျော့နည်းလာတာကြောင့် ဈေးကစားမှုတွေ လုပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်တွေက ကြက်သွန်နီ တပိဿာ ထောင်ဂဏန်းသာ ဈေးရှိခဲ့တဲ့အတွက် တောင်သူတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့ပြီး ဝယ်ယူသိုလှောင်ထားကြတဲ့ ကုန်သည်နဲ့ ဒိုင်တွေသာ လက်ရှိဈေးကွက်အရ အကျိုးအမြတ်များကြတယ်လို့ ကြက်သွန်စိုက်တောင်သူတွေက ဆိုပါတယ်။











