DVB Logo
Home
မြန်မာသတင်း
ကြက်သွန်နီစျေးမြင့်တက်လာသဖြင့်  မုန့်ဟင်းခါးဆိုင်များ အခက်ကြုံ 
DVB
·
November 13, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်မှာ ကြက်သွန်နီစျေးနှုန်းက တပိဿာကို ကျပ်  ၂၂,၀၀၀ ကနေ ၂၃,၀၀၀ အထိဖြစ်လာချိန် မုန့်ဟင်းခါးဆိုင်တချို့  မုန့်ဟင်းခါးထဲ ကြက်သွန်နီ မထည့်နိုင်တော့ဘူးလို့ ရောင်းချသူတွေဆီက သိရပါတယ်။

အရင်က မုန့်ဟင်းခါးထဲ ကြက်သွန်နီလှိုင်လှိုင်ထည့်နိုင်ခဲ့ပေမဲ့ ကြက်သွန်နီစျေးက တပိဿာကို ကျပ် ၂၀,၀၀၀  ကျော် လာပြီးနောက် မထည့်နိုင်တော့ဘူးလို့ တောင်ဒဂုံမြို့နယ်မှာ မုန့်ဟင်းခါးရောင်းချသူ တယောက်က ပြောပါတယ်။

"မုန့်ဖတ် ၁ ပိဿာဆို ကြက်သွန်နီ ၃၀ သား ထည့်ရတယ်။ ကျနော်တို့က တနေ့ ၁၀ ပိဿာ ရောင်းတာဆိုတော့ ကြက်သွန်နီက ၃ ပိဿာ  ၂ ပိဿာခွဲ လောက်ထည့်ရတယ် အခုစျေးနဲ့ဆို ၆၀,၀၀၀ ကျော်လောက် ကုန်တယ်။ အမြတ်က အဲဒီလောက်ကျန်တာ မဟုတ်တော့ ကြက်သွန်နီ ထည့်မချက်တော့ဘဲ အဲဒီနေရာမှာ ငှက်ပျောအူကို ပိုထည့်ချက်တယ်။”

တနေ့ မုန့်ဖတ် ၅ ပိဿာ ရောင်းချတဲ့ဆိုင်တွေအနေနဲ့လည်း ကြက်သွန်နီစျေး ၂၀,၀၀၀  ဖြစ်ကတည်းက ကြက်သွန်နီကို လုံးဝထည့်မချက်ဘဲ ရောင်းချကြတယ်လို့ မြောက်ဥက္ကလာပမှာ မုန့်ဟင်းခါး‌ရောင်းချသူ တယောက်က ပြောပါတယ်။

"ညီမတို့က မုန့်ဖတ် ၁ ပိဿာကို ကြက်သွန်နီ ၂၀ သား ပဲထည့်တာ။ ဒါတောင် ၅ ပိဿာ ဆို ၂၀,၀၀၀ လောက်ကုန်တယ်။ အဲဒီတော့ပါသလောက်ထည့်ချက်သေးတယ်။ အခု ၂၀,၀၀၀ ကျော်လာတဲ့ချိန်မှာ လုံးဝ ထည့်မချက်ဖြစ်တော့ဘူး ဒါကို စားသုံးသူတွေကလည်း နားလည်တယ်။”

ကြက်သွန်နီစျေးအပြင် မုန့်ဟင်းခါးစားသုံးရာမှာ ထည့်စားကြတဲ့ နံနံပင်မှာလည်း ၁ ပိဿာကို ကျပ်  ၃၀,၀၀၀ ကျော်လာတယ်လို့ သူက ဆိုပါတယ်။

လတ်တလော ကြက်သွန်နီစျေးတက်နေတာပတ်သတ်ပြီး ဒီနေ့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စျေးနှုန်း ညှိနှိုင်းအစည်းအဝေးရှိတယ်လို့  ပွဲရုံမန်နေဂျာ တယောက်က ပြောပါတယ်။

"ကြက်သွန်နီစျေးက တနေရာနဲ့ တနေရာ မတူဘူး ၁ ပိဿာကို ၂၂,၀၀၀ ရောင်းတဲ့ မြို့နယ်ရှိတယ်။  တပိဿာကို ၂၃,၀၀၀ ရောင်းတယ်။ တချို့ မြို့နယ်တွေဆို ၁ ပိဿာကို ၂၅,၀၀၀ ခွဲအထိ ရောင်းတာတောင်ရှိတယ်။ ဒါကြောင့် ဒီနေ့ ကြက်သွန်စျေးတွေကို ပြန်ပြီးညှိနှိူင်းဖို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ အစည်းအဝေးရှိတယ်။”

အောက်တိုဘာလကတည်း ၁ ပိဿာကို ကျပ် ၁၄,၀၀၀ ကနေ ၁၆,၀၀၀ ဖြစ်ခဲ့တဲ့ကြက်သွန်နီစျေးမှာ နိုဝင်ဘာလအတွင်းမှာ ၁ ပိဿာ ကို ကျပ်  ၂၂၀,၀၀၀ ကနေ ၂၃,၀၀၀ အထိဖြစ်လာတာပါ။

စစ်တပ် အာဏာမသိမ်းခင် ၂၀၂၀ နိုဝင်ဘာလက ကြက်သွန်စျေးက အလုံးသန့် ၁ ပိဿာကို ကျပ် ၆၇၅ ကျပ်ပဲရှိတဲ့ ကြက်သွန်နီစျေးဟာ အာဏာသိမ်းပြီးနောက် အဆ ၄၀ အထိမြင့်တက်လာတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013