တရုတ်ကြက်သွန် ဝင်ရောက်မှုကြောင့် ပြည်တွင်းဈေးကွက် ထိခိုက်မည်ကို စိုးရိမ်

ပြည်တွင်းကြက်သွန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် တရုတ်ကြက်သွန်တွေ ပြည်တွင်းကို ဝင်ရောက်လာရင် ပြည်တွင်းကြက်သွန်ဈေးကွက် ထိခိုက်မှာကို စိုးရိမ်တယ်လို့ တောင်သူတွေနဲ့ ကြက်သွန်ရောင်းချသူတွေက ပြောပါတယ်။
ပြည်တွင်းမှာ ကြက်သွန်နီဈေးတွေ မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံမှာ စိုက်ပျိုးတဲ့ ကြက်သွန်တွေ မြန်မာပြည်ဈေးကွက်ထဲကို ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာတာ တွေ့ရတယ်လို့ ကြက်သွန်ရောင်းချသူတွေက ပြောပါတယ်။
ပြည်တွင်း ကြက်သွန်နီဟာ အမျိုးအစားပေါ်လိုက်ပြီး ပျမ်းမျှဈေးက တပိဿာကို ကျပ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေတာပါ။
တရုတ်ကြက်သွန်ဈေးကတော့ တပိဿာကို ကျပ် ၈,၀၀၀ ကနေ ၁၀,၀၀၀ ဝန်းကျင်သာ ဈေးပေါက်နေတဲ့အတွက် မြန်မာကြက်သွန်ထက် ဈေးတော်တော်သက်သာတယ်လို့ ဈေးကွက်က သိရပါတယ်။
တရုတ်ကြက်သွန်တွေက တရုတ်ပြည်လမ်းကြောင်းကနေ မြန်မာနိုင်ငံကို ဝင်ရောက်တာရှိသလို ထိုင်းနိုင်ငံဘက်ကနေလည်း ပြည်တွင်းကို ဝင်ရောက်နေတယ်လို့ ရောင်းချနေသူတွေက ပြောပါတယ်။
အဲဒီလို ဈေးကွာတဲ့အတွက် တရုတ်ကြက်သွန်တွေကိုသာ လူသုံးများလာရင် မြန်မာကြက်သွန်တွေ ရောင်းအားကျသွားမှာကိုလည်း တောင်သူတွေက စိုးရိမ်နေကြပါတယ်။
ဒါကြောင့် တရုတ်ကြက်သွန်တွေက ပြည်တွင်းကြက်သွန်ဈေးကွက်ကို ခြိမ်းခြောက်လာနိုင်တာကြောင့် မြန်မာကြက်သွန်ကိုသာ အဓိကထား သုံးစွဲသင့်တယ်လို့ ကြက်သွန်ရောင်းချသူ တယောက်က ပြောပါတယ်။
“ဈေးကတော့ တဝက်နီးပါးလောက် ကွာတယ်လို့ ပြောရမယ်၊ ၅,၀၀၀ ဝန်းကျင်ပေါ့နော်။ သူကတော့ ပါးပါးရောင်းရတယ်။ မြန်မာကြက်သွန်ကျတော့ အရသာကောင်းတယ်လေ။ ဟင်းတွေ ဘာတွေ ချက်လို့ရတယ်။ သူကကျတော့ ဆိုင်သုံးပဲရတာပေါ့၊ အရသာကွာတယ်လေ။ မြန်မာကြက်သွန်ကကျတော့ ကွာလတီကောင်းတယ်လေ။ အနှစ်တွေဘာတွေလုပ်ရတာ အဆင်ပြေတယ်။ ရေရှည်ဆို ဈေးကွက်ကို ထိလာနိုင်တယ်။ အဲဒါကျတော့ အစ်ကိုတို့က အားမပေးဘူး။ ဒါက ခနတာဖြေရှင်းတဲ့ နည်းလမ်းပဲ ဖြစ်စေချင်တယ်။ ပြည်တွင်းကျတော့ ပိုပြီးတော့ အားထည့်စေချင်တာပေါ့။”
တဖက်မှာလည်း တရုတ်ကြက်သွန်က မြန်မာကြက်သွန်နဲ့ယှဉ်ရင် အရည်အသွေးနဲ့ အရသာ လိုအပ်ချက် ရှိတာကြောင့် စားသောက်ဆိုင်တွေမှာသာ ပိုပြီး အသုံးပြုတာ တွေ့ရတယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။
မြန်မာပြည်တွင်းမှာ စိုက်ပျိုးရေး သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ကြက်သွန်နီဈေးကို မြင့်တက်စေတာလို့ ဆိုပါတယ်။
အဲဒီလို သွင်းအားစုကို အပြည့်အဝ မသုံးနိုင်တာကြောင့် အထွက်နှုန်း ကျဆင်းသလို ကြက်သွန်စိုက်ဧက လျှော့စိုက်တာတွေလည်း ရှိတာကြောင့် ဈေးကွက်ထဲ ကြက်သွန်နီ ရှားပါးသွားပြီး ဈေးပိုတက်လာတာလို့ ကြက်သွန်စိုက် တောင်သူတယောက်က ပြောပြပါတယ်။
“ကြက်သွန်တောင်သူက စရိတ်စက မတတ်နိုင်တော့ စိုက်ဧကနည်းတာရယ်၊ ကုန်ချိန်ထွက်နှုန်းက နှစ်တိုင်း နည်းလာတာ အဲဒီနှစ်ချက် ရှိတာပေါ့နော်။ တောင်သူတွေကလည်း ပံ့ပိုးစရိတ်တွေ များတော့ နှစ်တိုင်း ၈ ဧကခွဲ ၉ ဧက စိုက်တာကို နောက်ပိုင်း ၄ ဧက၊ ၅ ဧကလောက်ပဲ စိုက်တော့တယ်ဗျ။ ဓာတ်မြေဩဇာ ဈေးတက်တဲ့အခါကျတော့ ကျုပ်တို့ ခါတိုင်းလိုလည်း မသုံးနိုင်တော့ဘူး။ ပစ္စည်းကောင်းလည်း မကိုင်နိုင်တော့ အလုပ်သမားခကလည်း ဈေးတွေတက်တယ်ဗျ။ အစစ အကုန်လုံးဈေးတွေက တက်တာဆိုတော့ တောင်သူကလည်း ၄ ဧက စိုက်မဲ့သူက ၂ ဧက ၃ ဧကပဲ စိုက်တော့တာဗျ။ ဒါကြောင့် ပစ္စည်းက ရှားပါးမှု ပါသွားတာပေါ့။”
မြန်မာကြက်သွန် ရှားပါးပြီး ဈေးမြင့်တက်နေတာကြောင့်သာ ဈေးကွက်ထဲကို တရုတ်ကြက်သွန်တွေ ဝင်ရောက်လာတာဖြစ်ပြီး မိုးကြက်သွန်အသစ်တွေ ဈေးကွက်ထဲကို လှိုင်လှိုင်ဝင်ရောက်လာမဲ့ လာမဲ့ ဒီဇင်ဘာလဆန်းပိုင်း ရောက်ရင်တော့ ကြက်သွန်နီဈေးနှုန်းတွေ ပြန်လည်ကျဆင်းနိုင်မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။
သီရိ











