DVB Logo
Home
မြန်မာသတင်း
ကြက်သွန်နီ တပိဿာကို ကျပ် ၂၀,၀၀၀ အထိ ဈေးထိုးတက်
DVB
·
November 13, 2026
Photo: စိန်ရွှေကျော်ပွဲရုံ
Photo: စိန်ရွှေကျော်ပွဲရုံ
Donate to DVB

မြန်မာပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းမြင့်တက်နေတဲ့ ကြက်သွန်နီဈေးနှုန်းဟာ တရက်အတွင်း ကျပ် ၅,၀၀၀ အထိတက်ကာ တပိဿာကို ကျပ်  ၂၀,၀၀၀ ထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။

ရန်ကုန်၊ ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်း ဈေးကွက်အဖွင့်ဈေးနှုန်းအရ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီ (ရှယ်) တပိဿာကို ကျပ် ၁၉,၀၀၀ အထိ ရှိနေပြီး မြင်းခြံဒေသထွက် ကြက်သွန်နီ (ရှယ်) တပိဿာကို ကျပ် ၂၀,၀၀၀ နဲ့ အရောင်းအဝယ်ပြုလုပ်တယ်လို့ သိရပါတယ်။

အဆိုပါဈေးနှုန်းဟာ နိုဝင်ဘာ ၁၁ ရက် ဈေးနှုန်းထက် ကျပ် ၅,၀၀၀ ဝန်းကျင် ဈေးတက်လာတာဖြစ်ပြီး တရက်အတွင်း စံချိန်တင် ဈေးမြင့်တက်လာလို့ ဘုရင့်နောင်ပွဲရုံဝင်းက ကြက်သွန်ပွဲရုံတခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

"မနက် အဖွင့်ဈေးမှာတင် ၄,၀၀၀ လောက်တက်တယ်။ တပိဿာကို ကျပ် ၂၀,၀၀၀-၂၀,၅၀၀ လောက် ဖြစ်လာတယ်။ စံချိန်တင်တက်တာပေါ့။ တခါမှ အဲဒီလောက်ကြီး မတက်ဖူးဘူး။”

မုံရွာဒေသထွက် ကြက်သွန်နီ (ရှယ်) ဈေးနှုန်းမှာလည်း တပိဿာကို ကျပ် ၁၉,၀၀၀ အထိရှိပြီး သူ့နောက်မှာ အမျိုးအစားအလိုက် တပိဿာကို ကျပ် ၁၃,၀၀၀ မှ ၁၈,၀၀၀ အထိ ဈေးအစားစား ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြင်ပလက်လီဈေးကွက်မှာလည်း ကြက်သွန်ဈေးတွေ မြင့်တက်နေပြီး ဈေးဆက်တက်နိုင်ခြေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတယောက်က “မကြားဝံ့မနာသာတွေ၊ ကြက်သွန် တပိဿာ ၂၀,၀၀၀ ကျော်ဆိုတော့။ ဘယ်လို လုပ်ကိုင်စားသောက်ကြရမလဲတောင် မစဉ်းစားတတ်တော့ဘူး။ ကုန်ဈေးနှုန်းက အကုန်လုံး အဆမတန်တွေတက်နေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက တပိဿာကို ကျပ် ၆,၅၀၀ ဝန်းကျင်သာ ဈေးရှိခဲ့ရာကနေ အခု တလလောက်မှာ ကြက်သွန်နီ တပိဿာ ကျပ် ၁၅,၀၀၀ နီးပါးအထိ ဈေးမြင့်တက်လာမှုကြောင့် ကြက်သွန်စိုက်တောင်သူတွေနဲ့ ကုန်သည်တွေ အကျိုးအမြတ်များနိုင်တဲ့ အခြေအနေ ရှိတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ လက်ရှိ ပြည်တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပြီး စက်သုံးဆီနဲ့ စားသုံးဆီဈေးလည်း မြင့်တက်နေလို့ အခြေခံပြည်သူတွေနဲ့ တောင်သူတွေ အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013