DVB Logo
Home
မြန်မာသတင်း
လပွတ္တာတွင် စက်သုံးဆီ တန်းစီဝယ်ရကြောင်း လူမှုကွန်ရက်ပေါ်တင်သူကို စစ်တပ်က ဖမ်းဆီး
DVB
·
November 13, 2026
Photo: Moe That Tik Tok
Photo: Moe That Tik Tok
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ စက်သုံးဆီရဖို့အတွက် ပြည်သူလူထုတွေ တန်းစီဝယ်ရတဲ့ အခက်အခဲကို လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ အမျိုးသားတယောက်ကို နိုဝင်ဘာ ၁၀ ရက် နေ့လယ်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လပွတ္တာမြို့နယ်၊ ၃ မိုင် မြို့သစ်၊ အောင်ချမ်းသာ ၄ ရပ်ကွက်မှာ နေထိုင်တဲ့ ကိုအောင်စည်က နိုဝင်ဘာ ၉ ရက် မနက်မှာ သူအသုံးပြုနေတဲ့ Tik Tok အကောင့်ကနေ လပွတ္တာမှာ ဆိုင်ကယ်တွေ ဆီရဖို့ ဘယ်လောက်တန်းစီရတယ် ဆိုတာ ဗီဒီယိုတင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက် ညနေ ၃ နာရီ မှာ ဖမ်းဆီးခံရတာလို့ ဒေသခံတယောက်က  ပြောပါတယ်။

“လပွတ္တာမှာ စစ်တပ်သတင်းပေး များလား၊ မများလား ဆိုတာ ဆိုင်ကယ်တွေ ဆီရဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာ ဒီနေ့ Tik Tok ပေါ်တင်တယ်၊ နောက်ရက် အဖမ်းခံရတယ်။ ပြောတော့ ဒီမိုကရေစီအစိုးရတဲ့၊ ပြည်သူက အမှန်တရားကို ချပြလို့မရဘူး။ လပွတ္တာမှာ ဆီတခါရဖို့ ဘယ်လောက်ခက်လဲဆိုတာ လူတိုင်းသိတယ်။”

ဧရာဝတီတိုင်းအတွင်း လပွတ္တာမြို့နယ်သာမက ကျန်မြို့တွေမှာလည်း ခရီးသွားကားတွေကို စက်သုံးဆီဆိုင်တွေက ဆီလုံးဝထည့်မပေးဘူးလို့ ယာဥ်မောင်းတယောက်က ပြောပါတယ်။

“ငွေဆောင်ကို သီတင်းကျွတ်ပိတ်ရက် သွားတယ်၊ ဆီမရှိလို့ ဆီဝင်ထည့်တယ်၊ ဘယ်ဆိုင်မှ ထည့်မပေးဘူး။ မရှိတာကများတယ်။ ဧရာဝတီတိုင်းမှာ လပွတ္တာမြို့နယ်တခုမှ မဟုတ်ဘူး၊ မြို့နယ်တိုင်း စက်သုံးဆီပြတ်လပ်တဲ့ ပြဿနာ ဖြစ်နေတာ။”

လတ်တလောမှာ လပွတ္တာမြို့နယ်၊ ၃ မိုင်နယ်မြေရဲစခန်းက ကိုအောင်စည်သူ (ခ) ကိုမိုးသက်ကို (ပ)၂၉/၂၀၂၆၊ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၉ ရက်ကလည်း ပုသိမ်မြို့နယ်၊ အမှတ် ၆ ရပ်ကွက်မှာ နေထိုင်တဲ့ “DAW MAY ZIN Tik Tok အကောင့်ပိုင်ရှင် မမေဇင်လှိုင်ကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး ပုသိမ်မြို့မရဲစခန်းက (ပ) ၁၆၃/၂၀၂၆၊ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013