DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအတွင်းက ဆီဆိုင်များတွင် စက်သုံးဆီ ပြတ်လပ်နေ
DVB
·
November 11, 2026
Photo: DVB
Photo: DVB
Donate to DVB

ဧရာဝတီတိုင်းအတွင်းက စက်သုံးဆီ အရောင်းဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်နေပြီး တချို့ဆီဆိုင်တွေ အရောင်းပိတ်ထားရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ မြောင်းမြ၊ အိမ်မဲ၊ ပန်းတနော်၊ ကျောင်းကုန်း၊ ညောင်တုန်း၊ ဟင်္သာတ၊ ဒါးကနဲ့ ကန်ကြီးထောင့်မြို့တွေ အပါအဝင် မြို့နယ်အများစုမှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ဝယ်ယူရခက်ခဲတာ၊ ဈေးတင်ရောင်းချတာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အိမ်မဲမြို့ခံတယောက်က “ဆိုင်တွေ တော်တော်များများ ပိတ်ထားတယ်။ တချို့ဖွင့်တဲ့ဆိုင်တွေလည်း ဝယ်မရဘူး။ နည်းနည်းပါးပါးပဲ ရတယ်။ ဆီမဝင်ဘူး ပြောကြတာပဲ။ မနည်းကြာနေပြီ” လို့ DVB ကို ပြောပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ပြင်ပဈေးကွက်မှာ ဓာတ်ဆီတဂါလန်ကို ၄၀,၀၀၀ ကျပ်၊ ဒီဇယ် တဂါလန်ကို ၃၅,၀၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချနေပြီး လိုအပ်သလောက် ဝယ်ယူလို့မရဘူးလို့ သိရပါတယ်။

အခုလို စက်သုံးဆီပြတ်လပ်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကတည်းက စတင်ဖြစ်ပေါ်နေတာဖြစ်ပြီး ရက်ရှည်ပြတ်လပ်နေမယ်ဆိုပါက တောင်သူတွေ အခက်အခဲ ဖြစ်နိုင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကျောင်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ တောင်သူတယောက်က “အခုက ပဲစိုက်ရာသီ ဖြစ်နေတော့ ထွန်ယက်စိုက်ပျိုးဖို့ ဆီက မဖြစ်မနေ လိုအပ်နေတာ။ ဖြစ်နေတာ ကြာပြီ၊ အခုထက် ရက်ပိုကြာမယ် ဆိုရင် အခက်အခဲဖြစ်နိုင်တယ်။ အခုတောင် ဝယ်ရခက်နေတာ” လို့ DVB ကို ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုရဲ့ စက်သုံးဆီမူဝါဒအရ ပြည်တွင်းက စက်သုံးဆီ အရောင်းဆိုင်တွေမှာ စုံ၊ မ ရက်ခွဲပြီး ရောင်းချနေဆဲဖြစ်ပြီး အဲဒီစနစ်ဟာ ပြည်သူတွေအတွက် အခက်အခဲရှိနေတာကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

စစ်အာဏာရှင်အစိုးရကတော့ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိတယ်လို့ ပြောနေပေမဲ့ ရန်ကုန် အပါအဝင် ဒေသတချို့မှာလည်း စက်သုံးဆီ ဝယ်ယူရခက်ခဲတဲ့ အခြေအနေ ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ဦးပိုင်းကလည်း ဧရာဝတီတိုင်းအတွင်းမှာ စက်သုံးဆီ ပြတ်လပ်တာနဲ့ ကြုံခဲ့ရပြီး ဓာတ်ဆီနဲ့ ဒီဇယ် တဂါလံကို ၆၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ဖူးပြီး လက်ရှိမှာလည်း ဈေးဆက်တက်မဲ့ အရိပ်အယောင် ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013