ဆီလီတာ ၂၀,၀၀၀ ကျော် ရောင်းစားသည့် DENKO ဆီဆိုင် ဝန်ထမ်း ၁၈ ဦး အမှုဖွင့်ခံရ

QR ကုတ်မဖတ်ဘဲ စက်သုံးဆီလီတာ ၂၀,၀၀၀ ကျော် ပြင်ပကို ရောင်းစားခဲ့တဲ့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းရှိ DENKO လက်လီအရောင်းဆိုင်ခွဲ ၁ က ဝန်ထမ်း ၁၈ ယောက်ကို အမှုဖွင့် အရေးယူထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
DENKO လက်လီအရောင်းဆိုင်ခွဲ ၁ က ဝန်ထမ်းတွေဟာ စက်သုံးဆီ လာရောက်ထုတ်ယူသူတွေကို ပိုက်ဆံပိုတောင်းတဲ့အပြင် QR ကုတ်မဖတ်ဘဲ ပြင်ပကို ရောင်းချတာကြောင့် ယာဉ်ပိုင်ရှင်တွေက တိုင်ကြားခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“QR ကုတ်မဖတ်ဘဲ ရောင်းတယ်၊ ဆီထည့်ရင် ပိုက်ဆံပိုတောင်းတယ်၊ အဲ့ကိစ္စတွေကို ယာဉ်ပိုင်ရှင်တွေက DENKO ရုံးချုပ်အထိ တိုင်တာ။ ရုံးချုပ်က ဝင်စစ်မှ သိတာ၊ ပြင်ပကို QR ကုတ် မဖတ်ဘဲ ရောင်းထားတာ ဆီလီတာပေါင်း ၂၄,၉၀၃ ရှိတယ်။”
အဆိုပါဝန်ထမ်း အမျိုးသား၊ အမျိုးသမီး ၁၈ ယောက်ကို DENKO ဆီဆိုင် လက်ထောက်မန်နေဂျာ ဦးဟိန်းလတ်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ ရဲစခန်းနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“နိုဝင်ဘာ ၁၇ ရက်ကတည်းက မန်နေဂျာကိုယ်တိုင် အမှုလာဖွင့်ထားတာ၊ အားလုံးပေါင်း ၁၈ ယောက်ရှိတယ်။ အကုန်လုံးကို စစ်ဆေးနေတယ်။”
DENKO အရောင်းဆိုင် ဝန်ထမ်းတွေဖြစ်တဲ့ ငြိမ်းချမ်းသူ၊ ထက်အောင်ဖြိုး၊ မင်းခန့်အောင်၊ မပြည့်ပြည့်ဝင်း၊ ဇင်ကိုထွေး၊ နေလင်း၊ ချစ်ကိုကို၊ အောင်ဂျွန်ညီ၊ ဝေလင်းကျော်၊ စောထူးလယ်၊ ဂျွန်ကိုကို၊ ကောင်းထက်အောင်၊ ဝေဟန်ထက်ဦး၊ ရန်နိုင်ဖြိုး၊ နောင်နောင်၊ အောင်ကျော်ဦး၊ ဟိန်းထက်အောင် နဲ့ ဉာဏ်လင်းထက်တို့ကို လှိုင်သာယာအရှေ့ပိုင်းမြို့မရဲစခန်းက (ပ)၁၄၂၅/၂၀၂၆၊ ပုဒ်မ ၄၀၈/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက်ကလည်း ပြင်ပကို စက်သုံးဆီလီတာ ၁၀,၀၀၀ ကျော် ရောင်းစားခဲ့တဲ့ ပဲခူးမြို့၊ ကလီကျေးရွာရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင် တာဝန်ခံကို ကုမ္ပဏီဘက်က အမှုဖွင့် အရေးယူခဲ့ပါတယ်။
Photo: Ye Crime











