
မြန်မာပြည်တွင်း စက်သုံးဆီ ရည်ညွှန်းစျေးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရည်ညွှန်းစျေးနဲ့ နှိုင်းယှဥ်ပါက အနည်းငယ် ကျဆင်းလာခဲ့ပေမဲ့ ဆီပန့်ခ်အကြီးတွေမှာပါ 92 နဲ့ 95 ပြတ်လပ်လာနေပါတယ်။
သြဂုတ် ၂၁ ရက်မှာ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ကော်မတီက ထုတ်ပြန်တဲ့ စက်သုံးဆီ ရည်ညွှန်းစျေးအရ စက်သုံးဆီတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကထက် ကျပ် ရာဂဏန်းမပြည့်မီလောက် ကျဆင်းလာတာပါ။
92 တလီတာကို ၇၅ ကျပ်ခန့်၊ 95 တလီတာ ကျပ် ၈၀ ခန့် ကျဆင်းလာခဲ့ပေမဲ့ ဒီဇယ်ဆီတွေကတော့ ကျပ် ၅၀ ခန့် တက်လာတာကို ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။
ပရီမီယံဒီဇယ် တလီတာကို ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာ တလီတာ ၄,၈၇၀ ကျပ် ရှိခဲ့ရာကနေ သြဂုတ် ၂၁ ရက် ထုတ်ပြန်ရာမှာတော့ တလီတာကို ၄,၉၂၅ ကျပ် ဖြစ်လာပါတယ်။
ဒီဇယ်တွေ အနည်းငယ် စျေးတက်လာခဲ့သလို ကျပ်ရာဂဏန်းနီးပါး စျေးကျလာခဲ့တဲ့ 92 နဲ့ 95 တွေလည်း ဆီဆိုင်တွေမှာ ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာပါတယ်။
အရင်လို တန်းစီပြီး ဝယ်ယူရတာတွေ မရှိသေးပေမဲ့ ဆီပန့်ခ်ကြီးတွေမှာ 92 နဲ့ 95 ကုန်နေပါသည် ဆိုတဲ့ ဆိုင်းဘုတ်တွေကို ထောင်လာတာ ဖြစ်ပါတယ်။
အခုလို 92 နဲ့ 95 ပြတ်လပ်မှုဟာ အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် စီးပွားရေးဖိအားပေးမှု အသစ်တွေကြောင့်ဖြစ်ပြီး အမေရိကန်နဲ့ အီရန် အပြန်အလှန် ခြိမ်းခြောက်မှုတွေ အပြီးမှာ ရေနံစိမ်းစျေးက ၄ ရာခိုင်နှုန်းခန့် မြင့်တက်လာတယ်လို့လည်း စျေးကွက်လေ့လာသူတွေက သုံးသပ်ကြပါတယ်။











