
ဧရာဝတီတိုင်း၊ အိမ်မဲမြို့က စက်သုံးဆီအရောင်းဆိုင်တွေဟာ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနဲ့ မရောင်းဘဲ ၂ ဆလောက် ဈေးတင်ရောင်းနေတဲ့အပြင် လိုအပ်သလောက် ရောင်းချမပေးတာကြောင့် အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတ်မှတ်ဈေးနှုန်းက တလီတာ ကျပ် ၄,၀၀၀ ဝန်းကျင်သာ ရှိနေပေမဲ့ လက်ရှိမှာ အိမ်မဲမြို့က စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ တလီတာ ကျပ် ၈,၀၀၀ ကျော်နဲ့ ရောင်းချနေကြတယ်လို့ အိမ်မဲမြို့ခံတယောက်က ပြောပါတယ်။
"ခေါက်ချိုးလောက်တင်ပြီး ရောင်းနေတာ။ ဘုတ်မှာ ပြထားတာက တဈေး၊ ရောင်းတဲ့ဈေးက တဈေး၊ တချို့ဆိုင်တွေဆို ဘုတ်မှာတောင် ဈေးနှုန်း ပြမထားတော့ဘူး။ ထင်သလို ရောင်းနေကြတာ၊ အခြေအနေက တော်တော်ဆိုးတယ်။"
ဒါ့အပြင် စက်သုံးဆီကို သတ်မှတ်ချက်အတိုင်း လီတာအပြည့်မရောင်းပေးဘဲ ပြင်ပမှောင်ခို ဈေးကွက်ကိုလည်း ရောင်းချနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အိမ်မဲမြို့ခံတယောက်က “အိမ်မဲမှာ ဆီဆိုင်က ၂ ဆိုင်လောက်ပဲရှိတာ၊ ကျန်တာတွေက တရားမဝင်ဆိုင်တွေ များတယ်။ ကားတစီး ၄၊ ၅၊ ၈ သောင်းဖိုးတောင် မနည်း တောင်းတောင်ပန်ပန် ဝယ်နေရတယ်။ မရောင်းချင်တဲ့နေ့ဆို မရောင်းပြန်ဘူး။ ကုန်နေတယ်ပဲ လုပ်တာ။ ပြီးရင် မှောင်ခိုဈေးနဲ့ အပြင်ပြန်ရောင်းနေတာ” လို့ ပြောပါတယ်။
အခုလို အခြေအနေဖြစ်ပေါ်နေပေမဲ့ စစ်အာဏာရှင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက စစ်ဆေးကြပ်မတ်တာတွေ လုပ်ဆောင်တာမရှိဘဲ မသိကျိုးကျွန်ပြုထားတယ်လို့လည်း ဒေသခံတွေ က ဆိုပါတယ်။
ဒါ့အပြင် အရေးပေါ်လူနာတင်ယာဉ်တွေ စက်သုံးဆီ ဝယ်ယူရာမှာလည်း စာရွက်စာတမ်း အစုံအလင် မပြနိုင်ပါက ရောင်းချမပေးတာကြောင့် လူမှုကူညီရေးအသင်းအဖွဲ့တွေေ အခက်အခဲရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကို အကြောင်းပြပြီး စက်သုံးဆီ တဂါလန် ကျပ် ၈၀,၀၀၀ ဝန်းကျင်အထိ ဈေးတင်ရောင်းချကြလို့ ဒေသခံတွေအကြား စက်သုံးဆီ အခက်အခဲ ကြုံခဲ့ရတယ်လို့ သိရပါတယ်။
အိမ်မဲမြို့နယ်အတွင်း လက်ရှိ ပြင်ပဈေးကွက်မှာ ကျေးရွာအလိုက် အဆင်ပြေရာ ဈေးနှုန်းနဲ့ ရောင်းချနေကြပြီး အနည်းဆုံး တလီတာ ကျပ် ၂၀,၀၀၀ ဝန်းကျင်ရှိနေပြီး အချို့ကျေးရွာတွေမှာ သယ်ယူစရိတ် အကြောင်းပြပြီး ကျပ် ၃၀,၀၀၀ ဝန်းကျင်နဲ့ ရောင်းချနေကြတယ်လို့လည်း သိရပါတယ်။











