DVB Logo
Home
မြန်မာသတင်း
SCEF ရဲ့  "မူတခု၊ မဟာဗျူဟာတခု" ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မလဲ
မောရစ်
·
July 30, 2026
Photo: SCEF
Photo: SCEF
Donate to DVB

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဟာ ဇူလိုင် တတိယပတ်အတွင်း အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအစုအဖွဲ့ပေါင်း ၁၁ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စစ်အာဏာရှင်ဘက်က ငြိမ်းချမ်းရေး ရက် ၁၀၀ စီမံချက်နဲ့ စည်းရုံးဖို့ ကြိုးစားနေချိန်မှာ   တော်လှန်ရေးအင်အားစုတွေအကြား "မူတခု၊ မဟာဗျူဟာတခု" အောက်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ SCEF ဟာ ဒေသအသီးသီးက တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့တွေနဲ့ ခပ်စိပ်စိပ် တွေ့ဆုံလာနေတာ ဖြစ်ပါတယ်။

ဇူလိုင်လ တတိယပတ်အတွင်းမှာပဲ အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးအစုအဖွဲ့ ၁၁ ဖွဲ့နဲ့ တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ ရှေ့ဆက်လုပ်ဆောင်မဲ့ အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒီလိုတွေ့ဆုံမှုတွေဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ စုဖွဲ့မှုတရပ် ပေါ်ပေါက်ရေး ရှေးရှုတာဖြစ်တယ်လို့  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက DVB ကို ပြောပါတယ်။

"တော်လှန်ရေးတစုံလုံးကို ဦးဆောင်မှုပြုနိုင်တဲ့ ခိုင်မာမှုရှိတဲ့၊ ကျယ်ပြန့်မှုရှိတဲ့၊ အားကောင်းမှုရှိတဲ့ အဲလို ဦးဆောင်မှုတရပ် လိုအပ်တယ်။ အဲဒီအတွက် ကျနော်တို့ အဲဒီအခြေခံကနေတွေ့တာ ဖြစ်ပါတယ်။ SCEF ကလည်း အဲလိုအခြေခံကနေတွေ့တာလို့ ကျနော် အဲလို နားလည်တာ ဖြစ်ပါတယ်။ သူတို့ စုမိသလောက် အရင်စုပြီးတော့ ဒီကနေတဆင့် တော်လှန်ရေးတရပ်လုံးကို ကိုယ်စားပြုနိုင်တဲ့ ဦးဆောင်မှုတရပ် ပေါ်ပေါက်ရေး ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်။"

တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ ငြိမ်းချမ်းရေး ရက် ၁၀၀ စီမံချက်အရ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို ဇူလိုင် ၃၀ ရက် နောက်ဆုံးထားပြီး နေပြည်တော်မှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

လက်ရှိအချိန်ထိတော့ အပစ်ရပ် လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ 7 EAO Alliance နဲ့ TNLA တို့ပဲ သွားရောက်တွေ့ဆုံထားတာပါ။

ဒီလို စစ်အာဏာရှင်ရဲ့ နိုင်ငံရေး/စစ်ရေး ကစားကွက်တွေ ရှိနေတာကြောင့် SCEF ရဲ့ မဟာမိတ် စုဖွဲ့မှုတွေဟာ မြေပြင်မှာ တကယ်လက်တွေ့ကျဖို့နဲ့ ပိုမိုအားကောင်းအောင် ပြင်ဆင်ဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားအရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ခွန်သောမတ်စ်က "စစ်ရေးအရ နောက်ဆက်တွဲကတော့ တပြည်လုံး အတိုင်းအတာနဲ့တော့ မဖြစ်လောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆွေးနွေးတဲ့ အဖွဲ့တွေလည်း ရှိတယ်၊ တိုက်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဒီအပေါ်မှာ စစ်အစိုးရအနေနဲ့ သူ ဘယ်လိုမျိုး ကစားကွက်နဲ့ ပြန်လည်ပြီးတော့ ကစားနိုင်တယ်ဆိုတဲ့ သုံးသပ်ပြင်ဆင်မှုတွေ သူလုပ်လာနိုင်တဲ့ အခြေအနေတွေလည်း ရှိတယ်။ SCEF အနေနဲ့လည်း ဒီထက် ပိုမိုအားကောင်းတဲ့ အစုအဖွဲ့မှု၊ တကယ် လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်နိုင်တဲ့ အခင်းအကျင်း ဖြစ်ဖို့ကတော့ အများကြီးလိုအပ်သေးတယ်” လို့ သုံးသပ်ပြောပါတယ်။

အထူးသဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပင်မရပ်တည်ချက်အပေါ် မူတည်ပြီး တော်လှန်ရေး အင်အားစုတွေကြား အမြင်ပျံ့လွင့်မှုမရှိဘဲ အတွင်းပိုင်း ကျေကျေလည်လည် ဆွေးနွေးမှုတွေကို ပိုမိုအားစိုက်ဖို့ လိုအပ်နေတာလို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဒါ့အပြင် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားနဲ့ အကန့်အသတ်တွေကို ကျော်လွှားနိုင်ဖို့အတွက် ဘက်ပေါင်းစုံ ပူးပေါင်းပါဝင်နိုင်မဲ့ နိုင်ငံရေး အခင်းအကျင်းတခုကို SCEF အနေနဲ့ ဖန်တီးသွားဖို့ လိုအပ်ကြောင်း ထောက်ပြပါတယ်။

ခွန်မြင့်ထွန်းက “ကျနော်တို့ အခု ဒီတော်လှန်ရေးမှာတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံကို ခိုင်ခိုင်မာမာ ရပ်တည်ကြတဲ့သူတွေကြားမှာ ကျေကျေလည်လည် ညှိနှိုင်းဖို့ လိုပါတယ်။ ဒါကြောင့် ဒီနေ့ Dialogue လို့ ပြောကြတဲ့အခါမှာ ကျနော်တို့အမြင်မှာတော့ External Dialogue နဲ့ Internal Dialogue ခွဲမြင်ပါတယ်။ စစ်တပ်နဲ့ သွားဆွေးနွေးတာ မဆွေးနွေးတာက ဒီကာလမှာ အဓိကကျတဲ့ကိစ္စ မဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေနဲ့ စစ်ရေးကစားကွက်တွေကြားမှာ SCEF ရဲ့ မဟာမိတ် တိုးချဲ့ဆွေးနွေးမှုတွေဟာ စစ်အာဏာရှင်စနစ်ကို ဟန်ချက်ညီညီ တုံ့ပြန်နိုင်ရေးနဲ့ တော်လှန်ရေးတရပ်လုံးကို ဦးဆောင်နိုင်မဲ့ အားကောင်းတဲ့ တပ်ပေါင်းစုတရပ် ပေါ်ထွက်လာဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်လာနေပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013