
သြစတြီးယားနယ်စပ်မှ ၇၀ ကီလိုမီတာဝန်းကျင် ကွာဝေးတဲ့ ဂျာမနီနိုင်ငံတောင်ပိုင်းက မြန်နှုန်းမြင့် ရထားပေါ်မှာ ဇူလိုင် ၃ ရက်က အသက် ၂၀ အရွယ် ဆီးရီးယားအမျိုးသားဟာ ခရီးသည်တွေကို တိုက်ခိုက်ခဲ့လို့ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့အပြီး တိုက်ခိုက်သူကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဂျာမနီမြောက်ပိုင်း ဟမ်းဘတ်မှ သြစတြီးယားမြို့တော် ဗီယင်နာသို့ ခရီးသည် ၅၀၀ လောက်ကို တင်ဆောင်မောင်းနှင်လာတဲ့ ICE 91 ရထားပေါ်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
တိုက်ခိုက်သူ အမျိုးသားကို ဖမ်းဆီးခဲ့ပြီး ရထားလမ်းကိုလည်း ပိတ်ချခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားခံကို မဖမ်းဆီးရသေးခင်မှာ ခရီးသွားဖော်တွေ၊ သူ့ဘေးမှာ ထိုင်နေတဲ့ ခရီးသည်တွေနဲ့ အနီးနားက စီးနင်းသူတွေက အင်အားသုံး နှိမ်နင်းခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဂွန်းထာ တိုမက်ရှ်ကိုက ရိုက်တာ TV ကို ပြောကြားခဲ့ပြီး အဲဒီနောက်မှ ဖမ်းဆီးခဲ့ကြောင်းနဲ့ လက်ရှိမှာ ဒဏ်ရာအပြင်းအထန် ရထားလို့ ဆေးရုံတင်ထားရကြောင်းလည်း ဆိုပါတယ်။
တိုက်ခိုက်ခံရသူ ၃ ယောက်မှာ အသက် ၁၅ နှစ်၊ ၂၄ နှစ်နဲ့ ၅၁ နှစ်ကြားရှိ ဆီးရီးယားနိုင်ငံသားတွေ ဖြစ်ကြပြီး ၄ ယောက်မြောက် တိုက်ခိုက်ခံရသူ အသက် ၃၈ နှစ်အရွယ် ပုဂ္ဂိုလ်ကတော့ ဘာနိုင်ငံသားမှန်း မသိရသေးပါဘူး။
တိုက်ခိုက်သူဟာ ဘယ်သူဘယ်ဝါ မခွဲခြားပဲ တူကို သုံးကာ သိမ်းကျုံးတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ရတဲ့ စေ့ဆော်မှုကိုတော့ မရှင်းလင်းသေးပါဘူး။
အဲဒီရထားနဲ့ ခရီးသည်တွေကို အနီးနားရှိ စထရက်စ်ဘာ့ဂ် ဘူတာကို ခေါ်ဆောင်သွားခဲ့ပြီး အဲဒီမှာ အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေက အကူအညီတွေ ပေးခဲ့ကြောင်းလည်း တိုမက်ရှ်ကို က ပြောပါတယ်။
Source:Reuters