DVB Logo
Home
မြန်မာသတင်း
နာမည်ကျော် ဂိဒေါန်စခန်း အပါအဝင် စခန်း ၁၁ ခုကို တရက်တည်း KIA သိမ်းပိုက်
DVB
·
May 6, 2024
နာမည်ကျော် ဂိဒေါန်စခန်း အပါအဝင် စခန်း ၁၁ ခုကို တရက်တည်း KIA သိမ်းပိုက်
Donate to DVB

ကချင်လွတ်မြောက်ရေးတပ် (KIA) အနေနဲ့ ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် ဝိုင်းမော်မြို့နယ်ထဲက  နာမည်ကျော် ဂိဒေါန်စခန်း အပါအဝင် တပ်စခန်း ၁၁ ခုကို တရက်တည်း သိမ်းလိုက်နိုင်ကြောင်း KIA တာဝန်ရှိသူက ပြောပါတယ်။ 

KIA အနေနဲ့ မေ ၅ ရက်မှာ ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဝိုင်းမော်မြို့နယ်ထဲက တပ်စခန်း ကြီးငယ်ပေါင်း ၁၁ အခုကို သိမ်းပိုက်နိုင်ခဲ့လို့ အခုချိန်ထိ KIA က တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ စစ်စခန်းပေါင်း ၈၀ ဝန်းကျင်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အဲဒီထဲမှာ အရင် ၂၀၁၆ ခုနှစ်က စစ်တပ်က ၄ လဝန်းကျင်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ဂိဒေါန်စခန်းလည်း ပါဝင်ခဲ့ပြီး အင်ခရမ်၊ ကဂမ်၊ ဆမား စတဲ့ စခန်းကြီးတွေကိုပါ KIA က ၂ ရက် လောက်နဲ့ တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်လိုက်နိုင်တာပါ။

KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အဓိက‌တော့ အင်ခရမ်၊ ကဂမ်၊ ဂိဒေါန်၊ ဆမား အဲဒီစခန်းကြီးလို့ ပြောရမှာပေါ့။ အရေးကြီးတဲ့ စခန်းတွေ ကာကင်းတွေနဲ့ အားလုံး ပေါင်းလိုက်လို့ရှိရင်တော့ ၁၁ ခုလောက်ရှိမှာပါ မနေ့က သိမ်းလိုက်တာ။ အဲဒီ ဂိဒေါန်တို့ ကဂမ်တို့ကတော့ အခု ဒီနေ့ကတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်”လို့ ပြောပါတယ်။

KIA က အခုသိမ်းယူလိုက်တဲ့ ဂိဒေါန်စခန်းကို စစ်တပ်က ၂၀၁၆ ခုနှစ်မှာ ၄ လဝန်းကျင်အထိ တိုက်ပွဲပေါင်း ၄၆ ကြိမ်ထက်မနည်း တိုက်ယူခဲ့ရတာလည်းဖြစ်ပါတယ်။

ဂိဒေါန်စခန်းလက်အောက်မှာ တပ်ရင်း ၃ ခုလောက်ရှိနိုင်ပြီး ကချင်ပြည်နယ်မြောက်ပိုင်းထဲ အရေးကြီး စခန်းကြီးတခု ဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဂိဒေါန်စခန်း ရလိုက်ပြီဆိုရင် မြောက်ဘက်မှာ အရေးကြီးတဲ့ စစ်စခန်းရယ်လို့ မရှိတော့သလောက် ဖြစ်သွားပြီလို့ ပြောလို့ရတာပေါ့ဗျာ။ အဲတော့ ဂိဒေါန်စခန်း ရလိုက်တယ် ဆိုရင် ကျနော်ထင်တာတော့ သူ့အနေနဲ့ ပူတာအိုပဲ ကျန်တော့မယ်လို့ ထင်ပါတယ်ဗျ။ အဲဒါ ရပြီးရင်တော့ မြောက်ပိုင်းတခြမ်းလုံး KIA က ရသွားပြီလို့ ယူဆလို့ရပါတယ်။”

ဒါ့အပြင် KIA အနေနဲ့ မတ်လ ၇ ရက်ကစလို့ ၂ လတာအတွင်း စခန်းကြီး၊ ငယ်ပေါင်း ၈၀ ဝန်းကျင်အထိ ရှင်းလင်းနိုင်တာကြောင့် ၁၀၂၇ နောက်ပိုင်း စခန်းသိမ်းတိုက်ပွဲတွေဟာ ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်လာနေပါတယ်။

KIA ဘက်ကတော့ အခု ဝိုင်းမော်မြို့နယ်ထဲက သူတို့သိမ်းပိုက်လိုက်တဲ့ စခန်းတွေဟာ ဗဟိုဌာနချုပ် လိုင်ဇာဝန်းကျင်နဲ့ တပ်ရင်း ၃ နယ်မြေဘက်ကို ခြိမ်းခြောက်နေတဲ့ ဗျူဟာမြောက်စခန်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “မြစ်ကြီး-ဗန်းမော်ကားလမ်းရဲ့ အထက်ဘက်ခြမ်းမှာ ရှိနေတဲ့စခန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီစခန်းတွေကတော့ ကားလမ်းကိုလည်း ထိန်းချုပ်ထားတဲ့ စခန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတကြောလုံးကနေ ပြန်ကြည့်မယ်ဆိုရင်တော့ အရေးကြီးတဲ့ စခန်းတွေ ဖြစ်ပါတယ်ခင်ဗျ”လို့ ပြောပါတယ်။

တိုက်ပွဲတွေထဲ ၁၀၅ မမ လို လက်နက်ကြီးတွေအပြင် စစ်ကောင်စီရဲ့ လက်နက်ဂိုဒေါင်တွေကိုလည်း သိမ်းဆည်းရမိတယ်လို့ သတင်းဌာနတချို့က ဖော်ပြနေပေမဲ့ KIA ဘက်ကတော့ အတည်ပြုတာ မရှိသေးပါဘူး။

မေ ၆ ရက်မှာတော့ ကချင်ပြည်နယ်ထဲ တိုက်ပွဲတွေ ခဏငြိမ်သက်နေပြီး သူ့အနေနဲ့ နောက်ဆက်တွဲ သတင်းရတာမရှိသေးဘူးလို့ ပြောပါတယ်။ တဖက်မှာလည်း တိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့နယ်ထဲက ဒေသခံ ထောင်နဲ့ချီပြီး အခုချိန်ထိ စစ်ဘေးရှောင်နေရပါတယ်။

စိုးသူအောင်

ဆက်စပ်သတင်းများ—

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013