
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဆီကို စက်တင်ဘာလအတွင်း စစ်အာဏာရှင်တပ်က စစ်သင်္ဘော အုပ်စု ၂ စု ရောက်လာပြီး လက်နက်၊ ရိက္ခာနဲ့ တပ်အင်အားတွေ ပေးပို့ခဲ့တဲ့နောက်ပိုင်း စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်နေလို့ မြို့တွင်း ၂ နေရာထက်မနည်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
အထူးသဖြင့် တော်လှန်ရေးတပ်တွေဘက်က ဇုန် ၃ လို့ သတ်မှတ်ထားပြီး ခလရ ၄၇ နားမှာရှိတဲ့ ကုန်းမဟတ်၊ သင်္ချိုင်းကုန်းနဲ့ ဖိုးဒေဝဘက်တွေကို စစ်တပ်က ခြေလျင်ထိုးစစ်ဆင်လို့ အခုသီတင်းပတ်ထဲ နေ့တိုင်း တိုက်ပွဲရှိနေတယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။
တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေဘက်ကလည်း ဗန်းမော်အခြေစိုက် စကခ (၂၁) ကို ထပ်မံ ထိုးစစ်ဆင်နေပြီလို့ သတင်းတွေထွက်လာပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “အခုတလောက ခလရ ၄၇ နဲ့ ဆက်စပ်နေတဲ့ နေရာဘက်မှာ တိုက်ပွဲတွေ ရှိပါတယ်။ ရပ်ကွက်ကတော့ ဟန်းတဲတို့ စင်ကုန်းတို့ ကုန်းမဟတ်တို့ပေါ့နော်။ စကခ ၂၁ ရဲ့ အနောက်ဘက်ခြမ်း ဖြစ်နေတဲ့ မိုးစိန်းကျွန်းဆိုတဲ့ နေရာဘက်မှာ သူတို့က နေတာပါ။ နေရာယူထားတဲ့အဖွဲ့တွေကိုတော့ ကျနော်တို့ ပြန်တိုက်တဲ့ဟာတော့ ရှိပါတယ်။ ကြည့်ရတာ သူတို့သင်္ဘောလာတဲ့ ရေကြောင်းရဲ့ နေရာတွေပေါ့နော်၊ အဲဒီလုံခြုံရေးလည်း ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားပုံတော့ရပါတယ်။ နောက်တခု ရှိတာကတော့ မံစီဘက်မှာလည်း သူတို့ ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလားပေါ့နော် သုံးသပ်နေပါတယ်” လို့ ပြောပါတယ်။
မိုးစိန်းကျွန်းဟာ ဗန်းမော်အနောက်ပိုင်း ခွန်သာရပ်ကွက်ဘေး မြစ်တဖက်ကမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း ဗန်းမော်တက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်ကြားက နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။
အဓိကအနေနဲ့ စစ်အာဏာရှင်တပ်ဘက်က ထိုးစစ်ဆင်လို့ ခုခံနေတာဖြစ်ပြီး အခုရက်ပိုင်းထဲ ဘယ်ဘက်ကမှ စခန်းသိမ်းတာ၊ နယ်မြေရတာမရှိသေးတဲ့အကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
လက်ရှိ ဗန်းမော်စစ်ရေး အခြေအနေနဲ့ပတ်သက်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က “အခုက သူက မံစီရော၊ မိုးမောက်ရော နှစ်ဖက်လုံးကို စစ်ကြောင်းတွေက တိုးသွားတာ။ စစ်တပ်ကတော့ သူက တိုက်စစ်ဖွင့်လိုက်တာပေါ့နော်၊ အောင်မြေချဲ့ အမြတ်ထုတ် လိုက်တာ။ ဒါပေမဲ့ KIA ဘက်က တန်ပြန်တိုက်စစ်နဲ့ ပြန်လာပြီးတိုက်တဲ့ အခြေအနေမှာ သူတို့ရဲ့ တိုက်စစ် ဖရိုဖရဲဖြစ်သွားတဲ့ အနေအထားမျိုးပဲပေါ့နော်။ ဒီတကြိမ်ကတော့ KIA ဘက်ကသာ တကယ့်တကယ် ဖိဖိစီးစီးသာ တကယ်တိုက်ခဲ့မယ်ဆိုရင် စကခ ၂၁ ကျပြီ။ စကခ ၂၁ ကျပြီဆိုရင်တော့ ဗန်းမော်မြို့လည်း စစ်တပ်က တကယ်အပြီးအပိုင်လက်လွှတ်သွားရမဲ့ အခြေအနေမျိုးတော့ ရှိတယ်”လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်တပ်ရဲ့ ဗန်းမော်ထိုးစစ် အောင်မြင်ခဲ့ရင်တောင် မံစီအထိပဲ ထိန်းချုပ်နိုင်မှာဖြစ်ပြီး လွယ်ဂျယ်ဘက်တွေကိုတော့ ပြန်လည်ထိန်းချုပ်နိုင်ဖွယ် မရှိတော့ဘူးလို့ သူက သုံးသပ်ထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ မြေပြင်စစ်ကူ မပို့နိုင်တော့တဲ့ ဗန်းမော်ကို မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကဆင့် တပ်ကူနဲ့ ရိက္ခာတွေ နှစ်စဉ်ပို့လေ့ရှိတာပါ။
တဖက်မှာလည်း စစ်တပ်ဘက်က KIA နဲ့ တွေ့ဆုံစကားပြောဖို့ ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။











