DVB Logo
Home
မြန်မာသတင်း
ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့ အလုံးစုံ ထိန်းချုပ်
DVB
·
May 5, 2024
ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့ အလုံးစုံ ထိန်းချုပ်
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲက ဆွမ်ပရာဘွမ်မြို့ကို မေ ၅ ရက်ဒီနေ့မနက်ပိုင်းမှာ KIA၊ KPF နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

ဆွမ်ပရာဘွမ်မြို့အတွင်းနဲ့  စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးခန်းတွေ အားလုံးကို မ‌တ်လကတည်းက ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားခဲ့တာဖြစ်ပြီး ကျန်ရှိတဲ့ ၄၆ ဗျူဟာကုန်းကိုတော့ ဒီနေ့မနက်ပိုင်း ၈ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့အရာရှိတယောက်က ပြောပါတယ်။

“စစ်ကောင်စီဘက်က ကျန်ရှိတဲ့ ၄၆ ဗျူဟာကုန်းကြီးကို ဒီနေ့မနက်မှာပဲ ရှင်းလင်းလိုက်ပြီ။ ခုထိ ကြာသွားတာက ပိတ်မိနေတဲ့အထဲမှာ ပူတာအို ၄၆ က ကိုယ့်ဒေသခံ အသက်ကြီးတဲ့ လူကြီးတွေပါတော့ သူတို့ကို ကယ်ထုတ်ဖို့ ကြိုးစားရင်းနဲ့ ကြာသွားတဲ့သဘောပဲ။ သူတို့ကိုလည်း အလံဖြူထောင်ဖို့ ပြောခဲ့တာ ကြာပြီမို့ မနေ့က မေလ ၄ ရက်မှာတော့ အပြီးတိုင်ရှင်းလင်း‌ရေး စတင်ပြီးတော့ ဒီမနက်ပိုင်းမှာ သိမ်းနိုင်လိုက်တာပါ” လို့ပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့ရဲ့ နောက်ဆုံးလက်ကျန် ၄၆ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော်လောက် သေဆုံးပြီး လက်နက် အကြီး အသေး ၆၀ ကျော် သိမ်းပိုက်ထားတယ်လို့ ရှေ့တန်းရောက် သတင်းအရင်းမြစ်တယောက်ကလည်း ပြောပါတယ်။

“မနေ့က စလိုက်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီစစ်သားတွေ ကျဆုံးတာများတယ်။ အလောင်းကတော့ ၁၀ ကျော်တယ်။ လက်နက်အကြီးအသေး ၆၀ ကျော် သိမ်းထားတယ်။ တချို့က ထွက်ပြေးသွားတယ်။  ကျနော်တို့ဘက်ကတော့ KIA တပ်ဖွဲ့ဝင် တယောက် ကျတယ်။ KPF ဘက်ကလည်း ၂ ဦး မစိုးရိမ်ရ  ထိခိုက်ဒဏ်ရာရတယ်။ KPDF ကလည်း မစိုးရိမ်ရ ဒဏ်ရာရသူတွေ ရှိတယ်” လို့ ပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့ ၄၆ ဗျူဟာကုန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပြီးတဲ့နောက်မှာ စစ်ကောင်စီက အခုမနက်ပိုင်းမှာတင် တိုက်လေယာဉ်နဲ့ ဗုံးအလုံး ၈၀ လောက် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆွမ်ပရာဘွမ် မြို့သိမ်းတိုက်ပွဲကို KIA၊ Kagabu People's Force (KPF) နဲ့ KPDF ပူး‌ပေါင်းတပ်ဖွဲ့က မတ်လမှာ စတင်ခဲ့တာဖြစ်ပြီး ၁ လကျော်လောက်မှာ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။

ဆွမ်ပရာဘွမ် မြို့သိမ်းတိုက်ပွဲကြောင့် ပူတာအို-မြစ်ကြီးနား ကားလမ်း ယာယီပိတ်ထားခဲ့လို့ ပူတာအိုမြို့မှာ ကုန်ဈေး‌နှုန်းတွေ အဆမတန်မြင့်တက်နေခဲ့ပြီး ဓာတ်ဆီ ၁ ပုလင်းကို မေလ ၄ ရက်နေ့က ကျပ် ၄ သောင်းလောက် ဖြစ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013