
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းရွာက အမျိုးသားတယောက်ကို နိုဝင်ဘာ ၆ ရက် မနက်ပိုင်းမှာ KIA နဲ့ MNDAA တပ်ဖွဲ့ဝင် ၂ ယောက်က ရိုက်နှက်တာကြောင့် ဆေးရုံတင်ထား ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
MNDAA တပ်သားနဲ့ KIA တပ်သား တို့ဟာ မန်နိမ်းရွာက တားအိုက်သုန်ရဲ့အိမ်မှာ လူသူမရှိချိန် ဖုန်းအားသွင်းထားခဲ့ပြီး ဖုန်းပျောက်သွားတာကြောင့် အိမ်ရှင်ဖြစ်သူ တားအိုက်သုန်ကို ရိုက်နှက် ကြတာမှာ သေလုမြောပါးဖြစ်ပြီး စိုးရိမ်ရလို့ နမ့်ဖတ်ကာဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသားတယောက်က “ဖြစ်စဉ်က မကြာခင်တုန်းက KIA စစ်သားတယောက်က ဦးအိုက်သုန်ရဲ့ အိမ်မှာ ဖုန်းအားသွင်းထားတာ။ အဲဒါ ခရီးလောလောနဲ့ထွက်ရလို့ သူ့ဖုန်းကို မေ့ကျန်ခဲ့တယ်လို့ပြောတာ။ ပြန်ရောက်တော့ သူ့ဖုန်းကိုပြန်လာရှာတာ တခါမဟုတ်၊ နှစ်ခါမဟုတ်၊ ဦးအိုက်သုန်က သူတို့ ဖုန်းအားလာသွင်းတာကို မတွေ့ဘူးဆိုပြီးတော့ပြောလို့ KIA တပ်သားက သူနဲ့ရင်းနှီးတဲ့ MNDAA တပ်သားတွေကိုခေါ်ပြီး လာရှာတာ။ ဦးအိုက်သုန် က ဖုန်းမတွေ့ဘူးလို့ဘဲ ပြောလို့ရိုက်လိုက်တာ” လို့ ပြောပါတယ်။
ရိုက်ခံရသူက ဒီနေ့ နိုဝင်ဘာ ၇ ရက် မနက်မှာတော့ စကားပြန်ပြောနိုင်ပေမဲ့ လည်ကုပ်ကိုထိထားလို့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတုန်းလို့သိရကြောင်း ပြောပါတယ်။
KIA တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “နမ့်ဖတ်ကာ အနီးဘက်ဖြစ်တာ။ သူတို့ ရင်းနှီးသူတွေ အချင်းချင်းလို့ သိရတယ်။ ကိုးကန့် စစ်သားရော၊ KIA စစ်သားရော၊ ဟိုရိုက်ခံရတဲ့တယောက်ရော TNLA စစ်သားလို့ပြောတယ်။ ယူနီဖောင်း မဝတ်ထားတာပဲရှိတာ။ သူတို့ မူးယစ်ဆေးဝါး သုံးစွဲကြသူ အချင်းချင်းပဲ။ ဖုန်းမီးအားသွင်းတာနဲ့ ပတ်သက်ပြီးရိုက်ကြတာ။ KIA တပ်သားက မှားပြီပေါ့” လို့ ပြောပါတယ်။
လက်ရှိမှာ ဆွေးနွေးဖြေရှင်းနေကြတယ်လို့ သိရပြီး လူနာလည်း နည်းနည်းသက်သာလာတယ်လို့ သိရကြောင်း သူက ပြောပါတယ်။
KIA တပ်သားဟာ မုံးကိုးနယ်က အရံတပ်သားဖြစ်ပြီး MNDAA တပ်သားကတော့ ဦးရှိုးဟွေ ဦးဆောင်တဲ့အဖွဲ့ထဲက ဦးအွန်ဝူး ဖြစ်တယ်လို့ သိရပါတယ်။











