
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA) က သတ္တုသန့်စင်စက်ရုံ ဖွင့်လှစ်လိုက်တာကြောင့် ဒေသတွင်း သတ္တုတူးဖော်မှုတွေ ပိုမိုများပြားလာနိုင်တဲ့အပေါ် ဒေသခံတွေ စိုးရိမ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကွမ်းလုံမှာ သတ္တုသန့်စင်စက်ရုံ တည်ဆောက်ဖွင့်လှစ်ထားတာဟာ ဒေသတွင်းက သတ္တုကုန်ကြမ်းတွေကို ပိုမိုကျယ်ပြန့်စွာ ထုတ်ယူသန့်စင်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတယောက်က သုံးသပ်ပါတယ်။
“နဂိုကနေ တူးလာတဲ့ ပမာဏက ဒီစက်ရုံတခု ထုတ်ရမဲ့ ပမာဏလောက် မရှိဘူး။ အခုက စက်ရုံအကြီးကြီးတခုနဲ့ အစအဆုံး ကုန်ချောအထိ လုပ်မယ်ဆိုတဲ့ အဆင့်ဖြစ်တော့ ထွက်တဲ့နေရာတွေ များလာလို့၊ တူးတဲ့နေရာတွေလည်း များလာလို့လို့ သုံးသပ်လို့ရတယ်။”
ကွမ်းလုံစက်ရုံမှာ ဘယ်သတ္တုအမျိုးအစားတွေကို သန့်စင်ထုတ်လုပ်မှာလဲ၊ ကုန်ကြမ်းတွေကို ဘယ်ဒေသကနေ ရယူမှာလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
ဒါပေမဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သတ္တုရိုင်းတွေကို တူးဖော်ပြီး တရုတ်နိုင်ငံဘက် သယ်ယူပို့ဆောင်တာတွေ ရှိနေသလို သတ္တုသန့်စင်စက်ရုံတွေ တည်ဆောက်လာတာကြောင့် သတ္တုတူးဖော်မှု ပိုမိုတိုးလာနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ကျင်စီပေ ဆိုတဲ့ သတ္တုသန့်စင်စက်ရုံဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေအရ သိရပါတယ်။
မုံးစီး၊ ရေပူစမ်းဘက်က ကောင်းလန်းရွာအနီးမှာ တူးဖော်ထားတဲ့ မြေစာတွေကို နမ့်စလပ်ဘက် သယ်ယူစုပုံထားပြီး တရုတ်နိုင်ငံဘက်က လာရောက်သယ်ယူနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီမြေစာတွေကို တရက်ကို ကားအစီး ၂၀ ထက်မနည်း သယ်ယူနေတယ်လို့လည်း သူက ဆိုပါတယ်။
ဒေသခံ အမျိုးသားတယောက်က “မြေစာတွေက KIA ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၁၀ မုံးစီး၊ ရေပူစမ်းဘက်က ကောင်းလန်းရွာနားက တူးလာပြီး နမ့်စလပ်ဘက် သယ်လာပြီး စုပုံထားတာ။ တရုတ်ဘက်က တိုက်ရိုက် လာလာသယ်သွားတယ်။ အခုလည်း တရက်ကို အစီး ၂၀ ထက်မနည်း လာသယ်နေကြတယ်” လို့ ပြောပါတယ်။
အဲဒီမြေစာတွေမှာ ဘယ်လိုသတ္တုအမျိုးအစားတွေ ပါဝင်တယ် ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
သတ္တုတူးဖော်မှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးကုန်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
ရှမ်းမြောက် ဒေသခံ လူငယ်တယောက်က “အခုက ဘယ်သူမှ ဝင်မပြောဘူး၊ မထိန်းဘူး။ မုံးစီးမှာဆို ကချင်ဘက်က ဝင်ထိန်းတော့ ကိုးကန့်တွေက တော်တော်နောက်ဆုတ်သွားတာ တွေ့တယ်” လို့ ပြောပါတယ်။
သတ္တုတူးဖော်ရေးလုပ်ငန်းတွေ တိုးချဲ့လာတာနဲ့အမျှ မြေယာ၊ ရေအရင်းအမြစ်နဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ စပါးစိုက်ပျိုးရေးလုပ်ငန်းအပေါ် သက်ရောက်မှု ရှိနေတယ်လို့ ဆိုပါတယ်။
တချို့လယ်ကွက်တွေက ရေမရနိုင်တော့တာကြောင့် စပါးစိုက်ပျိုးလို့ မရတော့လို့ ရောင်းလိုက်ရတာမျိုးလည်း အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာလည်း တအာင်းတပ်ဖွဲ့ (TNLA) ဘက်က သတ္တုသန့်စင်စက်ရုံတခု တည်ဆောက်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်ေ
နမ့်ခမ်းစက်ရုံမှာ ဘယ်သတ္တုတွေကို သန့်စင်မှာလဲ၊ လုပ်ငန်းစတင်နေပြီလား ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။











