
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဌာနေတိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ တာနဲ့ ပတ်သက်လို့ ရှမ်းလူငယ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက MNDAA ကိုးကန့် တပ်ဖွဲ့ထံ အောက်တိုဘာ ၉ ရက်မှာ အိတ်ဖွင့်ပေးစာပို့ ကန့်ကွက်လိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်က ဒေသအတော်များများ MNDAA ကိုးကန့်တပ်ရဲ့ ထိန်းချုပ်မှုအောက် ကျရောက်သွားခဲ့ပြီး ဒေသတွင်းရှိ ဌာနေတိုင်းရင်းသား ရှမ်း ၊ တအာင်း/ပလောင်နဲ့ မြန်မာဘာသာတွေနဲ့ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ချခံရပြီး တရုတ် ဘာသာတွေနဲ့ အစားထိုးလာတာပါ။
ဒီလုပ်ရပ်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အက်ကြောင်းဖြစ်ပေါ်စေတဲ့အပြင် နောက်ဆက် တွဲပြဿနာတွေပါ ဖြစ်ပေါ်လာနိုင်တာကြောင့် ရှမ်းလူငယ်အဖွဲ့၊ ရှမ်းကျောင်းသားများအဖွဲ့နဲ့ ရှမ်းပြည်လူမှုအခြေပြုအဖွဲ့အစရှိတဲ့ အဖွဲ့ပေါင်း ၈ ဖွဲ့က MNTJP/MNDAA ကိုးကန့်တပ်ဖွဲ့ထံ အိတ်ဖွင့်ပေးစာပို့ လိုက်ပါတယ်။
အဆိုပါအိတ်ဖွင့်ပေးစာမှာ ရှမ်းပြည်မြောက်ပိုင်းရှိ အုပ်ချုပ်ရေးဆိုင်ရာ သုံးသပ်ပြင်ဆင်ဖို့ အချက် တွေ၊ ဒေသခံတိုင်းရင်းသားတွေကို အကာအကွယ်ပေးရေးနဲ့ ဒေသတွင်း ရေရှည်အတူ ယှဉ်တွဲ နေထိုင်ရေးမူ ခိုင်မာစေဖို့ မဟာဗျူဟာမြောက် အကြံပြုတိုက်တွန်းချက်တွေ ဖော်ပြထား ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်ရေးအပြောင်းအလဲနောက်ပိုင်း MNDAA အနေနဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရာ သိန္နီ၊ ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်တွေထိ အုပ်ချုပ်ရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်လာတယ်။
ဒါဟာ တော်လှန်ရေးရဲ့ မူလပန်းတိုင်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေး၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနဲ့ ပြည်သူ့လွတ်မြောက်ရေးမူဝါဒတွေကြောင့်” စစ်ဆင်ရေးဟာ မြန်မာပြည်သူ တရပ်လုံးရဲ့ ဝန်းရံထောက်ခံမှုကို ရခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိမြေပြင်အုပ်ချုပ်ရေးမှာတော့ ဒေသခံ ရှမ်း၊ တအာင်း/ပလောင် နဲ့ မြန်မာဘာသာ စကားနဲ့ ရေးသားထားတဲ့ အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်တွေကို တဖက်သတ်ဖြုတ်ချပြီး တရုတ် စာဆိုင်းဘုတ်တွေနဲ့ အစားထိုးလာပါတယ်။
ဒါ့အပြင် ရှမ်းစော်ဘွားတွေရဲ့ သမိုင်းဝင်နန်းတော်ဟောင်းတည်ရှိရာ သိန္နီမှာ သမိုင်းအမွေအနှစ်၊ ဘာသာရေး၊ ယဉ်ကျေးမှု အထွတ်အမြတ်နေရာတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်မှုကင်းမဲ့တာ အသွင်သဏ္ဌာန် ပြောင်းလဲတာတွေ ရှိလာတယ်။ ဒေသခံတိုင်းရင်းသားများရဲ့ ဓလေ့ထုံးတမ်းစဉ်လာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြင်ပအုပ်ချုပ်ရေးပုံစံတွေ၊ ငွေကြေးသုံးစွဲမှုနဲ့ စည်ပင်သာယာရေးစည်းမျဉ်းတွေကို အတင်းအကျပ် သွပ်သွင်းဆောင်ရွက်နေတာတွေ ရှိနေပါတယ်။
ဒီလိုဆောင်ရွက်ချက်တွေဟာ မဟာဗျူဟာအရ ကြီးမှားတဲ့ အမှားအယွင်းဖြစ်ပြီး ကြိုးစားတည် ဆောက်နေတဲ့ အုပ်ချုပ်ရေးကို ခိုင်မာစေမှာမဟုတ်ဘဲ မဟာမိတ်များအကြား ယုံကြည်မှုကို ပျက်စီးစေလိမ့်မယ်၊ စစ်အာဏာရှင်တွေ အစဉ်အဆက်ကျင့်သုံးလာခဲ့တဲ့ “တိုင်းရင်းသားအချင်း ချင်းသွေးခွဲအုပ်ချုပ်ရေး” ထောင်ချောက်တွင်း သက်ဆင်းစေတယ်လို့ သတိပေးဖော်ပြထားပါတယ်။
MNDAA ရဲ့ တာဝန်ရှိသူတချို့နဲ့ အောက်ခြေတပ်ဖွဲ့ဝင်တွေရဲ့ တရုတ်စာပေ၊ တရုတ်ဆိုင်းဘုတ်၊ တရုတ်အုပ်ချုပ်ရေးစနစ်တွေကို အတင်းအကြပ်ပြဋ္ဌာန်းဆောင်ရွက်နေတာဟာ တရုတ်နိုင်ငံရဲ့ “စွက်ဖက်မှုမရှိရေးမူဝါဒ နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ် နဲ့လည်း ဆန့်ကျင်ပြီး နိုင်ငံတကာ တရုတ်နိုင်ငံကို ကိုယ်စားလှယ်ကနေတဆင့် နယ်မြေသိမ်းပိုက်နေတယ်လို့ စွပ်စွဲလာမှာဖြစ်တယ်။ ဒေသခံတွေရဲ့ ယဉ်ကျေးမှုကို ဖိနှိပ်တာဟာ မြန်မာပြည်သူတွေရဲ့ တရုတ်ဆန့် ကျင်ရေးစိတ်ကို မီးထိုးပေးလိုက်သလိုဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေစင်္ကြံ (CMEC) တည်ငြိမ်ရေးကို ခြိမ်းခြောက်စေတယ်လို့ ဆိုပါတယ်။
သိန္နီမြို့ဟာ သမိုင်းဝင်စော်ဘွားအမွေအနှစ်နဲ့ ရှမ်းလူမျိုးတို့ရဲ့ အမျိုးသားဂုဏ်သိက္ခာ နက်ရှိုင်းစွာ ကိန်းအောင်းနေတဲ့ အချက်အခြာဖြစ်တယ်၊ ဒီအမွေအနှစ်တွေကို လျစ်လျူရှုတာဟာ ရှမ်းလက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ သန်းနဲ့ချီတဲ့ ရှမ်းပြည်သူတွေနဲ့ ရန်လိုတဲ့အနေအထား ဖန်တီးလိုက်တာဖြစ်တယ်လို့ စာမှာ ရေးသားထားပါတယ်။
စစ်ရေးအရ နယ်မြေစိုးမိုးတာဟာ ယာယီသာဖြစ်ပြီး ပထဝီဝင်အနေအထားအရ တိုင်းရင်းသားချင်း အတူယှဉ်တွဲနေထိုင်ရမှုသာ ထာဝရဖြစ်တယ်၊ ဒါကြောင့် ဒေသခံတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ စာပေနဲ့ အခွင့်အရေးတွေကို လေးစားအသိအမှတ်ပြုပြီး အားလုံးပါဝင်တဲ့ ဖက်ဒရယ်မူကို ကျင့်သုံးခြင်းကသာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မှာဖြစ်ပြီး MNDAA ရဲ့ ရေရှည် ရပ်တည်ရေးနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအတွက် တခုတည်းသော မှန်ကန်တဲ့ လမ်းစဉ်ဖြစ် တယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။
Source: Tai Students’ Union











