
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ ယဉ်ကျေးမှုတွေအပေါ် MNDAA ကိုးကန့်တပ်ရဲ့ အတင်းအကျပ် ခြိမ်းခြောက်လွှမ်းမိုးနေမှုတွေနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က အောက်တိုဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ရေးအခြေအနေအရ နယ်မြေစိုးမိုးမှုရပြီးတဲ့နောက် အုပ်ချုပ်ရေးယန္တရားတွေကို ယာယီအစားထိုး လည်ပတ်တာကိုနားလည်ပေးလို့ ရပေမဲ့၊ လက်ရှိ MNDAA ကိုးကန့်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဒေသခံပြည်သူတွေရဲ့ မူလအခွင့်အရေးတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံအများစု မရင်းနှီး၊ မသုံးစွဲတဲ့ ဘာသာစကားကို ရုံးသုံးအဖြစ်နဲ့ အများပြည်သူဆိုင်ရာနေရာ တွေမှာပါ မဖြစ်မနေ သုံးခိုင်းနေတာ၊ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာတဲ့ ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင် မှုစနစ်တွေကို ပြည်သူ့သဘောဆန္ဒမပါဘဲ အတင်းအကျပ် ပြင်ဆင်တာ၊ သိမ်းဆည်းတာတွေ လုပ်ဆောင်နေတာကို ထုတ်ပြန်ချက်မှာ ထောက်ပြပါတယ်။
MNDAA ရဲ့ မြေယာဥပဒေတွေကြောင့် နိုင်ငံခြားသားတွေ အတားအဆီးမရှိ ဝင်ရောက်လာပြီး မြေပိုင်ဆိုင်ခွင့် ရရှိစေမဲ့ လမ်းကြောင်းတွေ ပေါ်ပေါက်နေတယ်လို့ ဆိုပါတယ်။
သမိုင်းစဉ်ဆက် ခေါ်ဝေါ်ခဲ့တဲ့ မြို့ရွာအမည်တွေနဲ့ ဆိုင်းဘုတ်တွေကို ဒေသခံယဉ်ကျေးမှုနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ အမည်နာမ ဘာသာစကားတွေနဲ့ အတင်းအကျပ် အစားထိုးပြောင်းလဲတာ လုပ်နေသလိုငြိမ်းချမ်းစွာ ကန့်ကွက်တဲ့ ဒေသခံတွေကို ဖမ်းဆီးတာ၊ ဖိနှိပ်တာနဲ့ ခြိမ်းခြောက်တာတွေ ပြုလုပ်ပြီး နိုင်ငံသားအခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလုပ်ရပ်တွေဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့တဲ့ "ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ" (Manifesto of Peaceful Coexistence) နဲ့ သမဂ္ဂမျှော်မှန်းချက်တွေကို တိုက်ရိုက်ချိုးဖောက်နေတယ်လို့ SSJAC က ထောက်ပြထားပါတယ်။
ဒါ့အပြင် ဒေသတွင်း တိုင်းရင်းသားညီအစ်ကိုတွေကြား နားလည်မှုလွဲမှားတာ၊ ယုံကြည်မှု ပျက်ပြားတာနဲ့ လူမျိုးရေးပဋိပက္ခတွေကို ပိုမိုကြီးထွားလာစေတယ်လို့ ဆိုပါတယ်။
ဒီလို အတင်းအကျပ် ပြောင်းလဲမှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားပြီး၊ ဆက်လက် အကောင်အထည်ဖော်နေရင်တော့ ဒေသခံပြည်သူတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ တုံ့ပြန်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးပါတယ်။
Source:Shan Nationalities League for Democracy











