DVB Logo
Home
မြန်မာသတင်း
နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်
DVB
·
April 12, 2024
နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်
Donate to DVB

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်ယား စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို ဒေသခံတွေကလည်း နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

မြစ်ကြီးနား-ဖားကန့် လမ်းပေါ်က စစ်ဆေးရေး အတင်းကျပ်ဆုံးဖြစ်တဲ့ နန့်ယား စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဧပြီ ၁၁ ရက် မနက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဧပြီ ၉ ရက်ကစပြီး နန့်ယားကျေးရွာက စစ်ကောင်စီတပ် ခမရ ၁၂၀ ကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ဧပြီ ၁၀ ရက် ညကတည်းက စစ်ကောင်စီတပ်တွေ နန့်ယားစခန်းကို စွန့်ခွာထွက်ပြေးနေပြီဖြစ်ပြီး ၁၁ ရက်နေ့ မနက်မှာတော့ KIA ဘက်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ အရှင်ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား ၃၇ ဦး ရှိတယ်လို့ KPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စခန်းကို သိမ်းပိုက်လိုက်ပြီးနောက်မှာတော့ နန့်ယား စစ်ကောင်စီတပ်စခန်းထဲ နယ်မြေရှင်းလင်းရေးအကုန်လုံး လုပ်ဆောင်ပြီးပြီဖြစ်ပြီး ရွာထဲမှာတော့ နယ်မြေရှင်းလင်းရေး အနည်းငယ်သာ လုပ်ဆောင်နိုင်သေးတာကြောင့် ဒေသခံတွေ ပြန်လည်နေထိုင်နိုင်ဖို့ကတော့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းကနေလည်း လာရောက်ပစ်ခတ်တာတွေ ရှိခဲ့ပြီး ဧပြီ ၉ ရက်က ၆ ကြိမ်၊ ၁၀ ရက်က ၄ ကြိမ် လာရောက်ပစ်ခတ်ခဲ့သလို စခန်းသိမ်းပိုက်လိုက်နိုင်တဲ့ ၁၁ ရက်နေ့ မနက်အထိ လေကြောင်းနဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် လူနေအိမ်နဲ့ ယာတဲတွေ အပါအဝင် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နန့်ယားကျေးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေကတော့ ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက တိမ်းရှောင်နေကြတာကြောင့် ပြည်သူတွေ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

နန့်ယားကျေးရွာ၊ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာတို့က ဒေသခံတွေဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတာ ၂ ပတ်ခန့်ရှိလာပြီး စားနပ်ရိက္ခာကုန်လာတဲ့ အခြေအနေ ဖြစ်တယ်လို့ နန့်ယားဒေသခံတဦးက ပြောပါတယ်။

နန့်ယားကျေးရွာက မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာရှိပြီး ခရီးသွားပြည်သူတွေနဲ့ ကုန်ကားတွေ ခရီးတထောက်နားတဲ့ နေရာပါ။

နန့်ယားစစ်ကောင်စီဂိတ်ကတော့ ဖားကန့်ကိုတက်လာတဲ့ ခရီးသွားပြည်သူတွေနဲ့ ကုန်ကားတွေကို အစစ်အဆေးကြမ်းတမ်းတဲ့ ဂိတ်တခုဖြစ်ပြီး ဆန်ကား၊ စက်သုံးဆီသယ်ကားတွေနဲ့ ဆေးဝါးတွေကို သယ်ခွင့်မပြုတဲ့ဂိတ်လည်း ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013