ဖားကန့်တွင် အလုပ်သမားလင်မယားက အိမ်ရှင်၏ကလေးကိုခေါ်ပြီး ရွှေနှင့် ငွေသားများယူသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွမ်ကျေးရွာမှာ နိုဝင်ဘာ ၂၀ ရက်က အလုပ်သမား လင်မယားဟာ အိမ်ရှင်ရဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ခေါ်ဆောင်သွားပြီး နေအိမ်က ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားတွေပါ ယူဆောင်ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးငယ်ဟာ ဦးသောင်းလွင်နဲ့ ဒေါ်ခိုင်ဇာအေးတို့ရဲ့ သမီး မနှင်းဝတ်ရည်ဖြစ်ပြီး သူတို့နေအိမ်မှာ အလုပ်လုပ်ကိုင်နေတဲ့ မောင်သီဟအောင် (ခ) ဟိန်းဝဏ္ဏ၊ အသက် ၂၃ နှစ်နဲ့ မအင်ကြင်းဦး၊ အသက် ၂၁ နှစ်တို့က ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
ကလေးငယ်ကို ခေါ်ဆောင်သွားတဲ့အပြင် ရွှေထည်ပစ္စည်း ၅ ကျပ်သားကျော်၊ Kenbo ဆိုင်ကယ် တစီးနဲ့ ငွေသား ကျပ်သိန်း ၂၀ ကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “အဲဒီအမျိုးသားနဲ့ အမျိုးသမီးဟာ ပစ္စည်းတွေယူပြီး ကလေးကိုပါ ခေါ်ဆောင် ထွက်ပြေးသွားတာ။ KIA ဆီကိုတော့ တိုင်ကြားထားတယ်လို့ သိရတယ်။ ဖမ်းမမိသေးဘူး"လို့ DVB ကို ပြောပါတယ်။
ထွက်ပြေးသွားသူ ၂ ယောက်ဟာ နေအိမ်မှာရှိတဲ့ သူတို့ရဲ့ဓာတ်ပုံတွေနဲ့ အချကိအလက်တွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ KIO အုပ်ချုပ်ရေးနဲ့ ရဲဌာနက အဲဒီဖြစ်စဉ်ကို လိုက်လံစုံစမ်းနေသလို ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း သက်ဆိုင်ရာအချက် အလက်တွေ ပေးပို့ထားတယ်လို့ သိရပါတယ်။











