DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကျောက်လုပ်ငန်းရှင် ၁ ဦးဖမ်းဆီးခံရ၊ KIA အရာရှိဟု ဝါဒဖြန့်နေသဖြင့် မိသားစုစိုးရိမ် 
ဟန်န
·
September 24, 2026
Photo : SNA
Photo : SNA
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်အာဏာရှင်တပ်နဲ့ SNA ရှမ်းနီပြည်သူ့စစ်တို့က အရပ်သား ကျောက်လုပ်ငန်းရှင် တယောက်ကို ဖမ်းဆီးပြီး KIA အရာရှိဆိုကာ မဟုတ်မမှန်ဝါဒဖြန့်နေတဲ့ အတွက် မိသားစုဝင်တွေက အသက်အန္တရာယ် စိုးရိမ်နေကြတယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

ဖမ်းဆီးခံရသူ ဦးဝါ့ဂျယ်နော်တောင်ဟာ လက်ရှိ ဖားကန့်မှာ ကျောက်အရောင်းအဝယ်လုပ်နေတဲ့ သာမန်အရပ်သားဖြစ်ပြီး သတင်းအမှားတွေကို ထုတ်လွှင့် ဝါဒဖြန့်နေတဲ့အတွက် ရိုက်နှက်နှိပ်စက် သတ်ဖြတ်ခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“ဦးဝါ့ဂျယ်နော်တောင်က KIA တပ်ဖွဲ့ဝင်တယောက်လည်း မဟုတ်ဘူး။ အရင်က အောင်ဘာလေ ဥက္ကဋ္ဌလုပ်ခဲ့တဲ့ သာမန်ပြည်သူ ဖြစ်တယ်။ ဖားကန့်မှာ ကျောက်အရောင်းအဝယ်လုပ်နေတဲ့ မြစ်ကြီးနားကနေ ဖားကန့်ကို ခရီးသွားနေတဲ့ ပြည်သူတယောက်ပါ။ မိသားစုဝင်တွေက စိတ်ပူနေပြီးတော့ ဦးဝါ့ဂျယ်နော်တောင် လွတ်မြောက်ဖို့အတွက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်ကွန်ရက် (PCG) ကနေ တဆင့်အကူအညီတောင်းခံပြီး ဆောင်ရွက်နေတယ်။ SHANNI Empire ဆိုတဲ့ သတင်းဌာန facebook စာမျက်နှာကနေလည်း သူ့ကို KIA တပ်မဟာ ၉ ရင်း ၆ ရဲ့ တပ်ရင်းမှူးအဆင့်ရှိတဲ့သူ ဆိုပြီးတော့ facebook မှာ မဟုတ်မမှန် ရေးသားဖြန့်ဝေနေတယ်။ အဲဒီအတွက် မိသားစုဝင်တွေကလည်း KIA ရဲ့ ဒုတပ်ရင်းမှူးဆိုပြီးတော့ ဖမ်းဆီးနှိပ်စက် ရိုက်နှက်ပြီးတော့ သတ်ဖြတ်လိုက်မှာ စိုးရိမ်နေကြတယ်။”

ဦးဝါ့ဂျယ်နော်တောင်ကို ကာမိုင်းမြို့က စစ်အာဏာရှင်တပ်နဲ့ SNA ပူးပေါင်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး SNA အဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) က ဒု-တပ်ရင်းမှူး ဆိုပြီး စက်တင်ဘာ ၁၈ ရက်က ဖော်ပြထားတာကို တွေ့ရပါတယ်။

ဦးဝါ့ဂျယ်နော်တောင်ဟာ ဖားကန့်မြို့နယ် အောင်ဘာလေကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး လက်ရှိ အောင်ဘာလီကျေးရွာက ကျောက်လုပ်ငန်းရှင် တယောက်သာ ဖြစ်တာကြောင့် မြစ်ကြီးနားနဲ့ ဖားကန့်ကို ပုံမှန်သွားလာနေသူလို့ ဖားကန့်ဒေသခံက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ် SNA ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကားမိုင်းမြို့မှာရှိတဲ့ စစ်ဆေးရေးဂိတ်မှာ ကချင်လူမျိုး ဦးဝါ့ဂျယ်နော်တောင်ကို၊ သူက မြစ်ကြီးနားကနေ ဖားကန့် တက်လာတဲ့လမ်းမှာ သူ့ကိုအကြောင်းမဲ့ ဖမ်းဆီးထားတာ။ ဦးဝါ့ဂျယ်နော်တောင်က သာမန်ပြည်သူတယောက်ပဲ ဖြစ်တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ် SNA တွေက သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက် မိသာစုဝင်တွေလည်း တောင်းဆိုတယ်။”

ဦးဝါ့ဂျယ်နော်တောင်ဟာ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းတဲ့သူဖြစ်ပြီး လက်ရှိ သူ့ကို ဘာအမှုနဲ့ ဖမ်းဆီးထားတယ်၊ ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်၊ ဘယ်လို အရေးယူမယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။

လက်ရှိ ဖားကန့်-မြစ်ကြီးနား သွားလမ်းနဲ့ ဖားကန့်မြို့ပေါ်က စစ်ဆေးရေးဂိတ်တွေမှာလည်း စစ်အာဏာရှင်တပ်နဲ့ ပြည်သူ့စစ်တွေဟာ လမ်းသွားလမ်းလာပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ငွေညှစ်တာနဲ့ ဆက်ကြေးကောက်တာတွေကို နေ့စဉ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013