နန့်မွန်းမြို့တွင် SNA တပ်ဖွဲ့က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေသဖြင့် ဒေသခံများ စိုးရိမ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့မှာ စစ်အာဏာရှင်တပ်နဲ့ SNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် ညက SNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက နန့်မွန်းမြို့၊ ရပ်ကွက် ၄ ရှိ နေအိမ်တအိမ်မှာ အသက် ၆၅ နှစ်အရွယ် ကချင်အမျိုးသမီးတယောက်ကို နှိပ်စက်သတ်ဖြတ်ပြီး အဖိုးတန်ပစ္စည်းတွေ ယူသွားခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၁၂ ခွဲလောက်မှာ ရပ်ကွက် ၄ မှာရှိတဲ့ ကချင်လူမျိုး ဦးမဟော်ခါးရဲ့ အိမ်မှာ သူ့ရဲ့ဇနီး ဒေါ်အင်ခွမ်ဂျာဘောက် အသက် ၆၅ နှစ်အရွယ်ဟာ အိမ်မှာ တယောက်တည်း ရှိနေတဲ့အချိန် နန့်မွန်းမြို့မှာရှိတဲ့ စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ် SNA တပ်ဖွဲ့ဝင် ၃ ဦးက နေအိမ်ထဲဝင်ရောက်ပြီး ဒေါ်အင်ခွန်ဂျာဘောက်ကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ရွှေတွေ၊ အဖိုးတန်ပစ္စည်းတွေ ဓားပြတိုက် လုယူသွားတာတွေ ရှိတယ်။”
သေဆုံးသွားတဲ့ ဒေါ်အင်ခွမ်ဂျာဘောက်ရဲ့ ရုပ်အလောင်းကို နန့်မွန်းဆေးရုံမှာ စစ်ဆေးကြည့်ရာ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ထားတာ မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပြီး ရုပ်အလောင်းကို ဆွေမျိုးတွေက ဟိုပင်ဘက်ကို သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိ အင်းတော်ကြီးဒေသတဝန်း တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့ကာလဖြစ်ပြီး စစ်အာဏာရှင်တပ်နဲ့ SNA တပ်တွေဟာ သူတို့ထိန်းချုပ်ထားတဲ့ ကျေးရွာတွေအတွင်း စစ်ရေးလှုပ်ရှားသွားလာတာ၊ ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ တောက်လျှောက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် SNA ဟာ စစ်တပ်အလိုကျ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး SNA ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို ကချင်လူမျိုးတွေကို ပစ်မှတ်ထား ဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ သတင်းတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေထဲမှာလည်း ရှမ်းနီလူငယ်တွေ အများအပြားရှိနေပြီး စစ်အာဏာရှင်တပ်နဲ့ SNA ပြည်သူ့စစ်တွေရဲ့ လူမျိုးရေးပဋိပက္ခဖြစ်အောင် ကြိုးပမ်းနေတဲ့အပေါ် ဌာနေတိုင်းရင်းသားတွေ သတိထားကြဖို့ ဒေသခံတယောက်က တိုက်တွန်းထားပါတယ်။
“နန့်မွန်းမြို့မှာဆိုရင် စစ်ကောင်စီနဲ့ SNA ပြည်သူ့စစ်တွေက ကချင်လူမျိုးတွေရဲ့ နန့်မွန်း KBC ဘုရားကျောင်းမှာလည်း စစ်သင်တန်းကွင်းအဖြစ် အသုံးပြုနေတယ်။ နန့်မွန်း RC ဘုရားကျောင်းမှာလည်း စစ်ဌာနချုပ် ဖွင့်လှစ်ထားတာတွေ ရှိတယ်။ မိုးညှင်း အင်းတော်ကြီး တကျောမှာဆိုရင် စစ်ကောင်စီနဲ့ SNA ပြည်သူ့စစ်တွေက ကချင်နဲ့ ရှမ်းနီလူမျိုးကြားမှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် တောက်လျှောက် သွေးထိုးလှုံ့ဆော်နေတာတွေ ရှိတယ်။ ဒါကြောင့် ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်းနီနဲ့ ကချင်လူမျိုးတွေကလည်း သတိထားရမယ်။”
အင်းတော်ကြီးဒေသမှာ အရင်ကတည်းက ရှမ်းနီနဲ့ ကချင်လူမျိုးကြား လူမျိုးရေးပြဿနာတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိနေပေမဲ့ အပြန်အလှန် ညှိနှိုင်းပြီး ရှမ်း၊ ဗမာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသမှာ တခြားဒေသတွေလို တိုက်ပွဲတခုတည်း ဖြစ်ပွားနေတာမျိုး မဟုတ်ဘဲ လူမျိုးရေးပြဿနာလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကစပြီး နန့်မွန်းမြို့က ကချင်ဒေသခံ အများအပြားဟာ စစ်ရေးအခြေအနေကြောင့် နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ အများစုက စစ်ရှောင်အဖြစ် နေထိုင်နေကြရပါတယ်။
အင်းတော်ကြီးဒေသမှာ SNA တပ်ဖွဲ့တွေက တပ်သားသစ်စုဆောင်းဖို့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာကြောင့် ဒေသခံလူငယ်တွေ တိမ်းရှောင်နေရပါတယ်။











