
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာအုပ်စုမှာ စစ်အာဏာရှင်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေက ဒေသခံတွေကို ရွာပြင်ထွက်ခွင့် မပြုတာကြောင့် ဒေသခံတွေ အခက်တွေ့နေကြပါတယ်။
ဒါ့အပြင် ဆားမှော်ကျေးရွာအုပ်စုထဲမှာ လှုပ်ရှားနေတဲ့ စစ်အာဏာရှင်တပ်နဲ့ SNA ပူးပေါင်းတပ်တွေက ထီးချိုင့်ကျေးရွာကိုပါ အဝင်အထွက်ပိတ်ထားပြီး ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် လုပ်ငန်းခွင်ဝင် လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့က ဆားမှော်မှာ လှုပ်ရှားနေတာ။ ထီးချိုင့်ရွာဘက်ကိုလည်း လာဖမ်းတာတွေ လုပ်တယ်။ အဲလိုလုပ်တော့ လယ်ထဲ ဘယ်သူမှ မသွားရဲဘူး။ မသွားရဲတော့ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ ရွာပြင်လည်း အဝင်အထွက်ပိတ်ထားတော့ ဒေသခံတွေ တအားဒုက္ခရောက်နေတယ်။”
စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေက ဒေသခံတွေကို ရွာပြင်ထွက်ခွင့် ပိတ်ထားတဲ့အပြင် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကိုပါ ဖမ်းဆီးရိုက်နှက်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၁ ရက်က ထီးချိုင့်ကျေးရွာမှာ လှုပ်ရှားနေတဲ့ စစ်တပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ နန့်ရင်းချောင်းဘက် စစ်ကြောင်းထိုးနေချိန် ရွာပြင်မှာ နွားကျောင်းနေတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တယောက်ကို PDF နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာလည်း ထီးချိုင့်ရွာ အနောက်ဘက်မှာ အမျိုးသားတယောက်ကို မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး စွပ်စွဲရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆားမှော်နဲ့ ထီးချိုင့်ကျေးရွာက ဒေသခံတွေဟာ လယ်ယာနဲ့ တောင်ယာလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တာကြောင့် စပါးရိတ်သိမ်းရမဲ့အချိန် ဖြစ်ပေမဲ့ စပါးမရိတ်သိမ်းနိုင်ဘဲ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“အခုဆိုရင် သူတို့ အဲလိုလုပ်တာ တလလောက်ရှိလာပြီ။ ရွာအဝင်အထွက် လုပ်မယ်ဆို လက်မှတ်ထိုးရတယ်။ သူတို့ သံသယရှိရင်လည်း အချိန်မရွေး ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာတွေ လုပ်တယ်။ အခုလည်း ထွက်မရတော့ စပါးရိတ်ချိန် သွားမရိတ်နိုင်ဘူး။”
စစ်အာဏာရှင်တပ်နဲ့ SNA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလဆန်းပိုင်းကစပြီး မိုးကောင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားတာ ပိုလုပ်လာတယ်လို့ သိရပါတယ်။
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအခြေစိုက် တပ်ရင်း ၁၀၅ နဲ့ ကညင်မြိုင်ကျေးရွာအခြေစိုက် ခမရ ၃၈၃၊ ၃၈၄ တပ်ရင်းတွေဟာ KIA ပူးပေါင်းတပ်တွေရှိရာ နန့်ရင်းချောင်းအထက်ဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
ဟန်န











