DVB Logo
Home
မြန်မာသတင်း
ခရစ်ယာန်ဘုရားကျောင်းများကို စစ်ရေးအတွက် SNA အသုံးပြုနေသဖြင့် ကချင်ဒေသခံများ ကန့်ကွက်
ဟန်န
·
September 29, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်မြို့မှာရှိတဲ့ ကချင်ခရစ်ယာန်ဘုရားကျောင်းတွေမှာ  ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က စစ်ရေးအတွက် အသုံးပြုနေတဲ့အပေါ် ကချင်ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

နန့်မွန်းမြို့ KBC ဘုရားကျောင်းဝင်းကို SNA က စစ်သင်တန်းပေးတဲ့နေရာအဖြစ် အသုံးပြုနေပြီး စက်တင်ဘာ ၂၃ ရက်နေ့ ပြည်သူ့စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ 

ဒေသခံတယောက်က “နန်းမွန်း KBC အသင်းတော် အသင်းသားတွေ ယာယီ စစ်ဘေး တိမ်းရှောင်နေစဉ်မှာ ဘုရားကျောင်းဝင်းအတွင်းကို စစ်စခန်းဖွင့်ထားတယ်။ ပြီးတော့ စစ်သင်တန်းတွေ ပေးပြီးတော့ စစ်သင်တန်းဆင်းပွဲတွေ ပြုလုပ်ကျင်းပနေတယ်။ SNA တပ်ဖွဲ့ဝင်တွေကလည်း ဘုရားကျောင်းအတွင်းမှာ မသင့်လျော်တဲ့ ပျော်ပါးကခုန်တာမျိုးတွေ ပြုလုပ်နေတာကို ခရစ်ယာန်တယောက်အနေနဲ့ကော မြန်မာနိုင်ငံသားတယောက်အနေနဲ့ပါ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်။ နောက်ဒါမျိုးတွေ အပြုအမူတွေ မပြုလုပ်ဖို့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျနော်တို့ တောင်းဆိုတယ်” လို့ ပြောပါတယ်။

SNA တပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းပွဲကို အင်အား ၄၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ပြီး အဲ့ဒီထဲမှာ အမျိုးသမီး ၁၀၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။ 

ကချင်ခရစ်ယာန်ဘာသာဝင်တွေရဲ့ KBC ဘုရားကျောင်းဝင်းကို စစ်သင်တန်းပေးတဲ့နေရာအဖြစ် အသုံးပြုနေပြီး၊ RC ကက်သလစ်ဘုရားကျောင်းကို ရုံးချုပ်အဖြစ် အသုံးပြုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လကစပြီး နန့်မွန်မြို့က ကချင်ဒေသခံအများအပြားဟာ စစ်ရေးအခြေအနေကြောင့် နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်အဖြစ် နေထိုင်နေကြရပါတယ်။

ကချင်ဒေသခံတွေ နေရပ်စွန့်ခွာသွားပြီးနောက် SNA ပြည်သူ့စစ်အဖွဲ့တွေက ကချင်ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဘုရားကျောင်းဝင်းတွေမှာ ဝင်ရောက်နေရာယူလာခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်လက်အောက်ခံ SNA က ဘုရားကျောင်းဝင်းအတွင်း  စစ်အင်အားအများအပြား စုဝေးတက်ရောက်တဲ့ အခမ်းအနားတရပ် ကျင်းပနေတဲ့ မှတ်တမ်းဓာတ်ပုတချို့နဲ့ ဘုရားကျောင်းဝင်းအတွင်း ကခုန်နေတဲ့ ရုပ်သံတချို့ အခုရက်ပိုင်း ထွက်ပေါ်လာခဲ့တာပါ။

ဒေသခံ ကချင်လူမျိုးတွေ စစ်ရှောင်နေရချိန်မှာ ဘုရားကျောင်းဝင်းထဲမှာ အခုလို စစ်သင်တန်းပေးတာ၊ ကခုန်တာတွေ ပြုလုပ်တဲ့ ဒီလုပ်ရပ်ဟာ လူမျိုးရေး၊ ဘာသာရေးအရ ပြဿနာ ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့မြင်ကြောင်း ဒေသခံတယောက်က မှတ်ချက်ပြုပါတယ်။

“ဒီစစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ် SNA ရှမ်းနီအမျိုးသားပါတီ ဥက္ကဋ္ဌတွေဟာဆိုရင် သူတို့ကိုယ်ကျိုးစီးပွားအတွက် ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်းနီနဲ့ ကချင်မျိုးတွေကြားမှာ လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်အောင် တောက်လျှောက် သွေးထိုးလှုံ့ဆော်တာတွေရှိတယ်။ ဒါကို ကျနော်တို့ ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ရှမ်းနီနဲ့ ကချင်လူမျိုးတွေကလည်း သတိရှိရှိနဲ့ လူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်အောင် ကျနော်တို့ သတိထားရမှာ ဖြစ်တယ်။ ကျနော်တို့ အချင်းချင်း ပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာတွေကို အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြဖို့ လိုပါတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် SNAဟာ စစ်တပ်အလိုကျ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး SNA ဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့သလို ကချင်လူမျိုးတွေကို ပစ်မှတ်ထား ဖမ်းဆီးတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့ သတင်းတွေလည်း အများအပြားရှိခဲ့ပါတယ်။

ဒါပေမဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေထဲမှာလည်း ရှမ်းနီလူငယ်တွေ အများအပြား ရှိနေပြီး ဖက်ဒရယ် ဒီမိုကရေစီနိင်ငံ တည်ဆောက်ရေးမှာ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ တော်လှန်ရေးရဲဘော်တယောက်က  တိုက်တွန်းထားပါတယ်။

“စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ် SNA က ရှမ်းနီလူမျိုးအားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး၊ သူတို့ခေါင်းဆောင်တွေ အကျိုးစီးပွားအတွက် လူငယ်တွေကို အတင်းအဓမ္မ စုဆောင်းရေးဆွဲပြီးတော့ ရှေ့တန်းမှာ အသေခံပြီးတော့ တိုက်ပွဲဝင်ခိုင်းနေတာ ဖြစ်တယ်။ ကျနော်တို့ ဒီစစ်အာဏာရှက် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာလည်း တနိုင်ငံလုံးက ရှမ်းနီလူငယ်မြောက်မြားစွာလည်း မိမိတို့ရဲ့ အသက်ဘဝတွေကို ပေးဆပ်ပြီးတော့ တိုက်ပွဲဝင်နေတာရှိတယ်။ ဒါကြောင့် ရှမ်းနီလူငယ်တွေ အားလုံးကလည်း စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ SNA နဲ့ မပူးပေါင်းဘဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အားလုံးနဲ့ အတူတကွ ပူးပေါင်းတိုက်ပွဲဝင်ကြရအောင်လို့ တိုက်တွန်မေတ္တာရပ်ခံပါတယ်။”

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေဘက်မှာလည်း ဝတ်ပြုရာနေရာတွေကို ကာကွယ်ထားပြီး၊ Geneva Conventions ရဲ့ Additional Protocol II ပုဒ်မ ၁၆ မှာ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေအနှစ်ဖြစ်တဲ့ ဝတ်ပြုရာနေရာတွေကို တိုက်ခိုက်တာနဲ့ စစ်ရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ အသုံးပြုတာကို တားမြစ်ထားပါတယ်။

အင်းတော်ကြီးဒေသမှာ SNA တပ်ဖွဲ့တွေက တပ်သားသစ်စုဆောင်းဖို့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာကြောင့် ဒေသခံလူငယ်တွေ တိမ်းရှောင်နေရပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013