
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဆေးရုံကုန်းအောက်က ကုန်စုံဆိုင်ပေါ် ဒီနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်းမှာ လက်နက်ကြီးကျပြီးနောက် လမ်းသွားလမ်းလာ အရပ်သားတယောက်ကို လည်း စစ်တပ်က ပစ်ခတ်တာကြောင့် ဒဏ်ရာရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
မနက် ၃ နာရီဝန်းကျင်မှာ လုံးခင်းဆေးရုံကုန်းအောက် စစ်အာဏာရှင်တပ် အထိုင်ချထားတဲ့ နေရာအနီးရှိ ကုန်စုံဆိုင်ပေါ် လက်နက်ကြီးကျပြီး အရပ်သား တယောက်ထိခိုက်ခဲ့တာဖြစ်ပါတယ်။
ဒေသခံတယောက်က “လက်နက်ကြီးက ဘယ်ကပစ်တယ်လို့ မသိရဘူး။ လုံးခင်းဆေးရုံ ကုန်းမှာတော့ စစ်တပ်ကတပ်စွဲထားတယ်။ အဲဒီဆေးရုံကုန်းအောက်မှာ ကုန်စုံဆိုင်ရှိတယ်။ စားသောက်ဆိုင်လည်းရှိတယ်။ အဲဒီမှာ ၂ ထပ်ကုန်စုံဆိုင်ပေါ်ကျတယ်။ ကုန်စုံဆိုင်ကတော့ ပစ္စည်းတွေရွေ့ထားတယ်လို့တော့ ပြောတယ်။ အရပ်သား ၈ ဦး ထိတယ်လို့တော့ပြောကြတယ်။ အတိတကျတော့ မသိရသေးဘူး”လို့ ပြောပါတယ်။
ကုန်စုံဆိုင်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် လုံးခင်းမှာ ဆိုင်ကယ်နဲ့ ကုန်စိမ်း လှည့်လှည်ရောင်းချတဲ့ အမျိုးသမီးတယောက်ကို ပစ်ခတ်တာကြောင့် ခါးမှာ သေနတ် ကျည်ဒဏ်ရာရှိ သွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက် “ဆိုင်ကယ်နဲ့ လုံးခင်းမှာလှည့်ပြီး ကုန်စိမ်းရောင်းသူတယောက်ပေါ့။ လက်နက်ကြီးပေါက်ကွဲပြီး မကြာခင်မှာပဲ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ပြန်ပြေးချိန် စစ်တပ်ဘက်က ဝေလီဝေလင်းဆိုတော့ လှမ်းပစ်လိုက်တာ။ အဲဒီ လုံးခင်း၊ မှော်စီဆာ ဘက်က လမ်းတွေမှာ နေရာယူထားတဲ့ စစ်တပ်ဘက်က ပစ်တာ။ တခြားဈေးသည်တွေကို မလာဖို့ ခြောက်လှန့်ပစ်ခတ်တာတွေရှိတယ်။ သူကကျတော့ မသိလိုက်လို့ အတင်း မောင်းပြေးတော့ ပစ်လိုက်တာ”လို့ ပြောပါတယ်။
အဲဒီအပြင် မနေ့ကလည်း မှော်စီဆာကျေးရွာ မြန်မာ့ဟန်ဆီဆိုင်ရှေ့မှာ အမျိုးသားတယောက် ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၅၀ ပါသွားတယ်လို့ သိရပါတယ်။
အဲဒီ မြန်မာ့ဟန်ဆီဆိုင်အနီးမှာရှိတဲ့ စူပါစိမ်းကုမ္ပဏီထဲမှာ စစ်အာဏာရှင်တပ်၊ ပြည်သူ့စစ်နဲ့ ဝါရာ ဇွပ်ပြည်သူ့စစ်တွေ အထိုင်ချထားတာ ဖြစ်ပါတယ်။











