ဖားကန့်တွင် ကျောက်စိမ်းလုပ်ကွက် ၂ နေရာ လေကြောင်းတိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ၂ နေရာကို စစ်အာဏာရှင်တပ်က နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယာန်နဲ့ ဆန်ခါကြားက ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တခုကို ဒီနေ့မနက် ၁၁ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသခံတယောက်က “၂ နေရာကြဲတယ်လို့ သိရတယ်။ တောမှော်ဘက်တနေရာ ကြဲတယ်။ အဲဒါတော့ အဆက်အသွယ်မရသေးဘူး။ လုံးခင်း ကျေးရွာအုပ်စုပါပဲ။ လုံးခင်း မှော်ပုံနားလေးက လုပ်ကွက်တခုကိုလည်း ကြဲတယ်။ လူတွေက အပြင်ရောက်နေတဲ့အချိန်ဖြစ်လို့ အထိအခိုက်မရှိဘူးလို့ သိရတယ်” လို့ ပြောပါတယ်။
လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံအနီးက ကျောက်စိမ်းလုပ်ကွက်တခုကို လေကြောင်း တိုက်ခိုက်ခဲ့ရမှုမှာလည်း ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။











