DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
SNA ခြေကုပ်တပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ
DVB
·
October 21, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်လက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) ခြေကုပ်တပ်စွဲထားတဲ့ တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ် တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။ 

အဲဒီစခန်းတပ်စခန်းတွေဟာ တောင်ဦးကျေးရွာအုပ်စုနဲ့ တာမယ်ပုတ်ကျေးရွာမှာရှိတဲ့ တပ်စခန်းတွေ ဖြစ်ပြီး‌ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေက သိမ်းပိုက်ရရှိခဲ့တာပါ။ 

ကချင်ရှေ့တန်းသတင်းရင်းမြစ်တယောက်က “သိမ်းတာက ၁၉ ရက် ညကတည်းက သိမ်းနိုင်တာပေါ့။ အပြီးသတ်က ၂၀ ရက်နေ့မှာ သိမ်းနိုင်ခဲ့တာ။ ဒီဘက်မှာက တိုက်ပွဲပြန်ဖြစ်နေတာ ရက်နည်းနည်းကြာပါပြီ။ လက်ရှိတော့ တိုက်ပွဲဆက်ပြင်းထန်နေပါတယ်။ ဟုတ်တယ်။ ဆယ်ဇင်းတဖက်ခြမ်းပါ။ စစ်ကိုင်း-ကချင်အစပ်ပေါ့”လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ KIA ပူးပေါင်းတပ်တွေကတော့ သဲဇလောက်ရွာရှိ SNA တပ်စခန်းကို ဆက်လက် ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနဲ့ ကချင်ပြည်နယ်၊ ဖားကန့်အစပ် ဥရုချောင်းတလျှောက်က ကျေးရွာတွေမှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတာ တပတ်နီးပါးကြာ ရှိလာပြီလို့ ဒေသခံတယောက်က ပြောပါတယ်။ 

“အခု KIA က သိမ်းလိုက်တဲ့ တာမယ်ပုတ်နဲ့ တောင်ဦးပြီးတော့ သဲဇလောက် အဲ့ရွာတွေက ဥရုချောင်းတလျှောက်မှာရှိတာပေါ့။ တဖက်ခြမ်းက ဖားကန့် ဆယ်ဇင်းဒေသ။ အဲ့မှာက တိုက်ပွဲ ဖြစ်နေတာ တပတ်ကျော်ရှိလာပြီ။ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေလည်း တောက်လျှောက် ရှိတယ်။ ဒီဘက်က တာမခန်၊ ဆယ်ဇင်း၊ ဟောင်ပါး အဲ့ရွာတွေလည်း လေကြောင်းရန် သတိထားနေရတယ်။”

စစ်တပ်ဟာ တိုက်ပွဲဖြစ်နေတဲ့ ကျေးရွာတွေဘက်ကို နေ့တိုင်းလေကြောင်းတိုက်ခိုက်နေပြီး အောက်တိုဘာ ၂၀ ရက် မနက်အစောပိုင်းမှာလည်း တာမယ်ပုတ်ကျေးရွာကို ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်ကလည်း ဟုမ္မလင်းမြို့၊ တက်ခက်ကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် ပြည်သူ တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် SNA ဟာ စစ်တပ်အလိုကျ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့ တပ်ဖွဲ့တခုဖြစ်ပြီး စစ်တပ်က ကချင်တိုက်ပွဲတွေမှာ ရှမ်းနီပြည်သူ့စစ် အများအပြား အသုံးပြုလာတာ ဖြစ်ပါတယ်။

ဆယ်ဇင်းကျေးရွာကို ၂၀၂၄ ခုနှစ်က KIA ပေါင်းအဖွဲ့ကသိမ်းပိုက်ခဲ့တာဖြစ်ပြီး SNA နဲ့ ပြည်သူ့ စစ်တွေက ပြန်လည်သိမ်းပိုက်ဖို့ကြိုးပမ်းနေကြတာကြောင့် ဟုမ္မလင်းမြို့နယ်ထဲမှာ KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလဆန်းပိုင်းကတည်းက SNA စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013