DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် ရေအနည်းငယ်ပြန်ကျသွား၊ ရေစီးသန်နေသဖြင့် လူအသေပျောက်ရှိ 
DVB
·
October 10, 2023
ပဲခူးတွင် ရေအနည်းငယ်ပြန်ကျသွား၊ ရေစီးသန်နေသဖြင့် လူအသေပျောက်ရှိ 
1 / 2
Donate to DVB

တမြို့လုံးနီးပါး ရေနစ်မြုပ်ခံရပြီး ရေဘေးနဲ့ ကြုံတွေ့နေရတဲ့ ပဲခူးမြို့မှာ အောက်တိုဘာ ၁၀ ရက်မနက်က ရေအနည်းငယ်ပြန်ကျသွားပါတယ်။

ဒါပေမဲ့ ရေစီးသန်နေတဲ့အတွက် ကယ်ဆယ်ရေးတွေမှာ အခက်အခဲတွေရှိပြီး လူအသေအပျောက်တွေလည်း ရှိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပဲခူးမြို့ခံ အနှိုင်းမဲ့မေတ္တာ  အခမဲ့ သွေးလှူအသင်း တာဝန်ခံက “လက်လေးလုံးတော့ ရေလေးနည်းနည်းပြန်ကျသွားတယ်။ ဒါပေမဲ့  ရေစီးကတော့ တအားသန်နေသေးတယ်။ မနေ့ကတော့ တချို့တဝက် ကယ်ဆယ်ထားတယ်။ ညောင်တောင် ညောင်မြောက်ဘက် မကယ်ရသေးဘူး။ ကျနော်တို့ ရှပ်ပြေးရေယာဉ်တွေ မရှိတဲ့အတွက်ကြောင့် လှေ ၂ စီး အကူအညီတောင်းထားပြီးတော့ မနေ့ကတုန်းက ကျန်နေခဲ့တဲ့ ရပ်ကွက်တွေကို ကျနော်တို့ ဒီလူအင်အားနဲ့ ကယ်တင်မယ် အိုးအိမ်ပစ်ပြီးတော့ လိုက်မယ်ဆိုရင် ကယ်တင်ခဲ့မယ်။ မလိုက်ဘူးဆိုရင်  စားသောက်စရာတွေ ပေးခဲ့ပေးမယ်ပေါ့။ ဇောင်ထူဆည်ကတော့ နည်းနည်းလေး ရေတန့်သွားတယ်။ အရင်ရေစီးအားတွေကြောင့် ရန်ကုန်-မန္တလေးလမ်း တောက်လျှောက်မှာဆိုရင် ရေစီးတွေ တအားသန်နေတယ်ပေါ့။ မိန်းကလေးတွေဆိုရင် မျောပါတာတွေလည်း ရှိတယ်။ ကျွန်းသာယာထဲကနေပြီး လူသေအလောင်း ထွက်လာတယ်။ သကျနွယ်က ကူညီဆယ်ပြီးတော့  သာမဏေကျော်အသင်းက ဆင်ဖြုဝင်းသုသာန်ကို  ဘော်ဒီပို့ထားပေးတယ်။ ထိခိုက်ရှနာတွေကတော့ ပြည်သူလူထုလည်း နည်းနည်းထိသလို ပရဟိတသမားတွေလည်း ထိခိုက်ရှနာရှိတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ပဲခူးမြို့ခံ ကယ်ဆယ်ရေးအဖွဲ့တွေအပြင် ရန်ကုန်- မန္တလေးအပါ တခြားမြို့တွေက ကယ်ဆယ်ရေး အဖွဲ့တွေပါ ပူးပေါင်းပြီး ပိတ်မိနေသူတွေကို အရင်ဆုံး ကယ်ဆယ်နေရာ ပြောင်းရွှေ့ဖို့ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ အသေအပျောက်အနေနဲ့က ကျွန်းသာယာအပြင် မှော်ကန်ဘက်ကနေလည်း လူသေအလောင်းတွေ ဆယ်ယူရခဲ့တယ်လို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။

“လူအသေအပျောက် ရှိတယ် အဲဒီမှော်ကန်ကနေပြီးတော့ မနေ့က အလောင်းတွေ သွားသယ်လာပေးရတဲ့သူတွေ ရှိတယ်။ သွားသယ်လာတဲ့သူတွေပြောတာတော့ ရေနစ်ပြီးတော့ ကယ်မယ့်သူမရှိ ကူမယ့်သူမရှိတဲ့ အဲဒီလိုဟာကြောင့်လို့ ပြောတယ်။ အစာကလည်း စားစရာမရှိ။ အဲဒီဘက်ပိုင်းတွေက အနိမ့်ပိုင်းတွေများတယ်လေ။ မနေ့ကတင် ၆ ယောက်လောက် ရှိတယ် ပြောတယ်။ သေချာမသိပေမဲ့ အဲဒီနားမှာ စောင့်နေတဲ့ သူတွေပြောတာ။ လှေဆိပ်က လူတွေ ပြောတာ။”

ပဲခူးမှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် လယ်ကွင်းနဲ့ စိုက်ခင်းတွေ ရေနစ်မြုပ်ပျက်စီးကာ အသီးအနှံတွေလည်း ဈေးတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရေကြီးတာကြောင့် ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေပါ ပြတ်တောက်နေပြီး အခက်အခဲတွေရှိ နေကြောင်းကိုလည်း ပဲခူးမြို့က ဒေသခံ တစ်ယောက်က ပြောပြပါတယ်။

“ဖုန်းလိုင်းက မိုင်တဲရယ် အော်ရီဒူးရယ် ရတယ်။ အမ်ပီတီရယ် တယ်လီနောရယ် မရဘူး။ ဖုန်းကတော့ မွန်စံပြဘက်က ဟင်္သာကုန်းဘက်က လာတယ်လို့ကြားလို့ အဲဒီဘက်မှာ ဘက်ထရီ အားသွားသွင်းကြတယ်။ ညက သွားသွင်းတာတော့ အစ်မတို့နားဝန်းကျင်မှာပဲ သွားသွင်းတာ မီးစက်နဲ့သွင်းတာ။ သွင်းနေရင်း တန်းလန်းနဲ့ ၄၀ ရာခိုင်နှုန်းလောက်ပဲရတယ်။ သူက ဓာတ်ဆီကုန်သွားတာ။ သူလည်း ဓာတ်ဆီ ဘယ်မှာမှ ဝယ်လို့မရတော့ အစ်မတို့လည်း ပြန်လာရတယ်။ ငါးတွေ အသားတွေ ပေါတယ်။ ဈေးပေါတာတော့ မဟုတ်ဘူး။ သားငါး ပေါတယ်။ အသီးအရွက်ကတော့ လုံးဝမရှိဘူး။ မနေ့က မနက်ခင်းက ပြတ်သွားတာ။ ဒီနေ့တော့ ဒိုက်ဦးဘက်ကနေ လာရောင်းတယ်။ ဂေါရခါးသီးတလုံးဆို ၄၀၀၊ ခရမ်းချဉ်သီး တစ်ဆယ်သားဆို ၄၀၀၊ ကန်စွန်းရွက်တစည်း ၇၀၀ တော့ ပြန်ကျသွားတယ်။ မနေ့ကဆို တနင်္လာနေ့ မနက်ခင်းကဆို  ကန်စွန်းရွက်တစည်း ၁၂၀၀ ဖြစ်သွားတယ် ဂေါ်ဖီတထုပ်ကို ၅၀၀၀ ဖြစ်သွားတယ်။”

လက်ရှိ ပဲခူးမြို့တွင်းမှာ ဖုန်းနဲ့ဆက်သွယ်ဖို့ ခက်ခဲနေတာကြောင့် ကယ်ဆယ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဖုန်းနဲ့ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရရှိပါဘူး။

ပဲခူးမြို့က ရပ်ကွက် ၃၀ နီးပါးလောက် ရေမြုပ်နေပြီး  ရေဘေးတိမ်းရှောင်သူ ၄၀၀၀၀ ကျော်က ယာယီ ရေဘေးရှောင်စခန်း ၃၀ ကျော်မှာ နေရာပြောင်းရွှေ့ နေထိုင်နေကြရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မိုးဇလဌာနရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ် ၄ ပေခန့် (၁၁၉ စင်တီမီတာ) ကို ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေထက်ဝက်ခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ် အထက် ဆက်ရှိနေမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဝေဝေ

PHOTO- MFSD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013