
ပဲခူးမှာ စစ်အာဏာရှင်တပ် လက်အောက်ခံ တိုင်းအစိုးရက အပတ်စဥ် စနေနေ့တိုင်း ပျော်ရွှင်ရွှင်ပွဲနဲ့ စတိတ်ရှိုးတွေ ပြုလုပ်ပေးပြီး သွားရောက်တဲ့ လူငယ်တွေကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပဲခူးတက္ကသိုလ်အနီး ဘုရင့်နောင်ရုပ်တုရှေ့မှာ အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်က ပြုလုပ်တဲ့ စတိတ်ရှိုးပွဲမှာ ပဲခူး၊ အင်းတကော်နဲ့ ကဝမြို့နယ်က လူငယ် ၁၀ ယောက်ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ အင်းတကော်ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ဘုရင့်နောင်ရုပ်တုရှေ့မှာ လုပ်တဲ့ စတိတ်ရှိုးပွဲကို သွားတဲ့သူတွေကို စစ်တပ်က လမ်းကစောင့်ပြီး ပေါ်တာဆွဲတယ်။ ၁၀ ရက်နေ့က သာယာကုန်း ၂ ယောက်၊ ဓမ္မသိုက်က တယောက်၊ ခမိတ်စျေးက ၂ ယောက် ပါသွားတယ်။”
အောက်တိုဘာ ၁၁ ရက်ညက စတိတ်ရှိုးပွဲသွားပြီး ကဝမြို့ကို ပြန်လာတဲ့ လူငယ် ၂ ယောက်ကို ပဲခူး ဆယ်မိုင်ကုန်းအနီး ကျောက်တန်းကျေးရွာသွား လမ်းမှာ စစ်တပ်က ကားနဲ့ခေါ်ဆောင်သွားတယ်လို့ ဆယ်မိုင်ကုန်းအနီး နေသူတယောက်က DVB ကို ပြောပါတယ်။
“ဆိုင်ကယ်နဲ့ပြန်လာတဲ့ ကောင်လေး ၂ ယောက်ကို စစ်တပ်က ကားနဲ့ပိတ်ပြီး ဖမ်းတာ။ အဲ့လမ်းက လူအတော်ပြတ်တာ၊ ဖမ်းခံရတဲ့ ကောင်လေး ၂ ယောက်က ကျောက်တန်းရွာ ဒါမှမဟုတ် ကင်ပိုင်ချုံရွာက ဖြစ်မယ်။”
အလားတူ ပဲခူးမြို့ ဥဿာမြို့သစ် ၈ ရပ်ကွက်မှာ အသက် ၂၀ အရွယ် လူငယ်တယောက် စတိတ်ရှိုးသွားကြည့်ပြီး နေအိမ်ပြန်ရောက်မလာလို့ မိသားစုဝင်တွေကိုယ်တိုင် လူမှုကွန်ရက်မှာ အကူအညီ တောင်းထားပါတယ်။
စစ်အာဏာရှင်တပ် လက်အောက်ခံ တိုင်းအစိုးရက စီစဥ်တဲ့ ပျော်ပွဲရွှင်ပွဲတွေဟာ စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးဖို့အတွက် တဖက်လှည့်နဲ့ လုပ်ဆောင်နေတာလို့ ပဲခူးမြို့ခံတယောက်က သုံးသပ် ပြောဆိုပါတယ်။
“အခုခေတ် ကလေးတွေက ပြောရဆိုရ ခက်တယ်။ မိဘတွေက ပေါ်တာဆွဲခံရမှာစိုးလို့ စိတ်ပူလို့ မသွားနဲ့လို့ တားလည်း မရဘူး။ ပြောတဲ့သူတောင် သူတို့က စိတ်ဆိုးသေးတယ်။ အဖမ်းခံရတော့ မိဘတွေပဲ သောကရောက်ရတယ်။ ဒီလိုပွဲတွေကနေ စစ်တပ်က လူအင်အားရနေတာ။ ပိတ်ရက်တွေ ပဲခူးမှာ ရှိုးပွဲလုပ်တိုင်း ပေါ်တာဆွဲခံရတဲ့လူငယ်တွေ မနည်းဘူး။”
ပဲခူးမြို့မှာ စစ်အာဏာရှင်တပ် လက်အောက်ခံ တိုင်းအစိုးရက စက်တင်ဘာလက စတင်ကာ ရုံးပိတ်တွေမှာ ပန်းခြံတွေ၊ ဘောလုံးကွင်းနဲ့ အထင်ကရနေရာတွေမှာ စတိတ်ရှိုးပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။











