DVB Logo
Home
မြန်မာသတင်း
ပဲခူးဘူတာတွင် အာဖရိကငါးခူ ပိဿာ ၄,၀၀၀ နီးပါး သယ်လာသူ ၃ ဦးကို ဖမ်းဆီး
DVB
·
November 10, 2026
Photo: Tin Soe
Photo: Tin Soe
Donate to DVB

ပဲခူးမြို့၊ ပဲခူးဘူတာမှာ နိုဝင်ဘာ ၉ ရက် မနက် ၉ နာရီက အာဖရိကငါးခူ ပိဿာ ၄,၀၀၀ နီးပါး သယ်ဆောင်လာတဲ့ အမျိုးသား ၃ ယောက်ကို ခရိုင်ငါးလုပ်ငန်းဦးစီးဌာနနဲ့ ရထားရဲတွေက ဖမ်းမိခဲ့တယ်လို့ မီးရထားနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်ကနေ မော်လမြိုင်ကို ထွက်ခွာလာတဲ့ အမှတ် ၈၁ အဆန် လူစီးရထား နောက်ဆုံးကုန်တင်တွဲကနေ ၁၀ ဂါလန် ပလတ်စတစ်ပုံးတွေနဲ့ အာဖရိကငါးခူတွေကို သယ်ဆောင်လာတာလို့ ရထားနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“သတင်းရလို့ စောင့်ဖမ်းတာပါ။ နယ်မြေရဲရော ရထားရဲရော ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရော ပါတယ်။ ၁၀ ဂါလန်ပုံးတွေနဲ့ ကုန်တင်တွဲက တင်လာတာ၊ ပုံးရေ ၃၆၁ ပုံး၊ ပိဿာချိန် ၃,၉၇၁ ပိဿာရှိတယ်။ ဘာကြောင့် သယ်လာတယ်၊ ဘယ်သူက သယ်ခိုင်းတယ် ဆိုတာ ရထားရဲတပ်ဖွဲ့က စစ်ဆေးနေတယ်။”

အာဖရိကငါးခူဟာ အသားစားတဲ့ ရေချိုငါးမျိုးစိတ်ဖြစ်ပြီး မျိုးပွားမြန်ကာ သတ်လို့ မသေနိုင်တဲ့ စုပ်ခွက်လို ငါးမျိုးဖြစ်ပြီး အဆိုပါငါးတွေ ငါးမွေးကန်နဲ့ မြစ်ချောင်း၊ အင်းအိုင်တွေအတွင်း ရောက်ရှိပါက ငါးမျိုးစိတ် ပျောက်ကွယ်သွားမှာဖြစ်တယ်လို့ ငါးကန်ပိုင်ရှင်တယောက်က ပြောပါတယ်။

“ဒီငါးတွေက အသားစားကြူးတဲ့ ငါးတွေပါ။ မူလဇာစ်မြစ်က တောင်အာဖရိကတိုက်က လာတာ။ ငါးလောကမှာ African catfish လို့ ခေါ်သလို clarias Gariepinus လို့လည်း သိကြတယ်။ သတ်လို့လည်း တော်ရုံနဲ့မသေဘူး။ မျိုးပွားမှုနှုန်းကလည်း အရမ်းမြန်တာ။ ဒီငါးတွေသာ မြစ်ချောင်းနဲ့ လယ်ကွင်းတွေထဲ ရောက်ရင် ဒေသငါးမျိုးစိတ်တွေ မျိုးတုံးပြီ။ ဒါကြောင့် ဒီငါးတွေကို အစိုးရအဆက်ဆက် တင်သွင်းခွင့် ပိတ်ထားတာ။”

၂၀၀၁ ဇွန် ၆ ရက်မှာ ငါးလုပ်ငန်းဦးစီးဌာနက အသားစားကြူးတဲ့ ရေချိုငါးမျိုးစိတ်ဖြစ်တဲ့ အာဖရိကငါးခူကို ပြည်တွင်းမှာ တင်သွင်း၊ သိုလှောင်၊ မွေးမြူ၊ ရောင်းချခြင်း မပြုဖို့နဲ့ လိုက်နာခြင်းမရှိပါက ငါးလုပ်ငန်းဥပဒေအရ အရေးယူမယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ အာဖရိကငါးခူ ပိဿာ ၄,၀၀၀ နီးပါး သယ်လာသူ မျိုးဇင်၊ သန်းကျော်နဲ့ သန်းနိုင်စိုးတို့ကို အမှတ် ၁၁ ရထားရဲတပ်ဖွဲ့က ငါးလုပ်ငန်းဥပဒေနဲ့ အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013