
ပဲခူးတိုင်း၊ ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက် မီးရထားဝင်းအတွင်းမှာ အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီ ၁၅ မိနစ်လောက်က ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၂ လုံး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အသက် ၇၀ အရွယ် မီးရထားဝန်ထမ်း (ငြိမ်း) ဦးခင်မောင်လတ်ဟာ ဘုန်းကြီးဆွမ်းကပ်ဖို့ မီးရထားဝန်းအတွင်းရှိ ဓမ္မာရုံကို သွားချိန် နေအိမ်မှာ ထမင်းပေါင်းအိုးကို ပလပ်ထိုးပြီး ဖွင့်ထားခဲ့ရာကနေ အပူလွန်ကဲကာ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “အိမ်ရှင်က ဆွမ်းကပ်ဖို့ ဓမ္မာရုံကို သွားတဲ့အချိန် ထမင်းပေါင်းအိုးကို ဖွင့်ထားခဲ့တာလို့ သိရပါတယ်။ အဲဒီကနေ မီးစလောင်ပြီး ဘေးအိမ်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့တာပါ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ၁၀ ပေပတ်လည်အရွယ် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တလုံးနဲ့ ကပ်လျက်ရှိတဲ့ ၁၅ ပေ × ၂၀ ပေအရွယ် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တလုံးတို့ မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်နဲ့ ရေသယ်ယာဉ်တွေ အသုံးပြုပြီး သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။
မနက် ၁၀ နာရီ ၃၁ မိနစ်မှာ မီးညွန့်ကျိုးခဲ့ပြီး ၁၀ နာရီ ၄၀ မိနစ်မှာ မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။











